လောက သက်စောင့်
တရား
ခုခေတ် - အခြေအနေတွေ
အားလုံး ရှုပ်ထွေး ရောပြွမ်းနေတဲ့ခေတ်။
ဘာသာရေး၊
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာ၊ စိုက်ပျိုးရေး၊ စတဲ့ ကဏ္ဍပေါင်းစုံမှာ
အမြင်မတူ၊ ရှုထောင့်မတူ ခံစားချက်မတူ ၀ိဝါဒ ကွဲပြားစွာ သူတလူ ငါတမင်းဖြစ်နေကြတာကို သာမန်သူတွေအဖို့
သွေးပျက်ခြောက်လှန့်ဖွယ်ရာ၊ မသိနားမလည်သူတွေအဖို့ ကိုယ်နဲ့မဆိုင် ငိုင်တိုင်တိုင်၊
သိနားလည်သူတွေအဖို့ (ယထာဘူတ) ဒါတွေသည် အပြောင်းအလဲတခုသို့ တွန်းပို့မည့် စွမ်းအားစုတွေလို့
သိမြင်လာတယ်။
၂၀၀၀ခုနှစ်
ဝန်းကျင် Hollywood ရုပ်ရှင်ကားတွေမှာ ကမ္ဘာပျက်ကြောင်း ကားတွေကို ရိုက်လာခဲ့ပါတယ်။
ဒါပေမယ့် ကားတွေရဲ့ အဆုံးသတ်ဟာ တကယ့် အနည်းငယ်သော လက်တဆုပ်သာသာ လူနည်းစုသာ ကျန်ရှိပြီး
ကမ္ဘာသစ်ထူထောင်ပုံကို ဖော်ပြခဲ့ပါတယ်။ ရှေးဟောင်းကျမ်းတွေရဲ့ အလိုအရ ကမ္ဘာပျက်ဖို့ နှစ်
ပရိစ္ဆေဒများစွာ ကျန်ရှိပါအုံးမယ်။ ဒါပေမယ့် ကြားကာလတွေမှာ အသေးစား သတိပေးမှုတွေတော့
ရှိကောင်း ရှိပါလိမ့်မယ်။ Hollywood ရဲ့ နောက်ပိုင်း ရုပ်ရှင်တွေမှာတော့ ကမ္ဘာပျက်ပုံကို
ပုံစံတမျိုးနဲ့ တင်ဆက်လာတယ်။ အရင်ကားတွေရဲ့ မအောင်မြင်မှုကြောင့်လား လူတွေ စိတ်ဝင်စားမှုနဲလာလို့
ဖန်တီးမှု အသစ်လားတော့ ရိုက်ကူးတင်ဆက်သူသာ သိမှာပါ။ နောက်ပိုင်းရုပ်ရှင်တွေက ကမ္ဘာပျက်မည့်
အလားအလာရှိတာကို ပြပြီး သူတို့တွေက Solution အဖြေတခု သိရှိသွားပုံကို ရိုက်ကူးတင်ဆက်လာကြတယ်။
ဒီအထဲက အချို့ကားတွေက
ပြောင်းလဲမှု ကပ်ဘေးအကြီးအကျယ်ဆိုက်ချိန်မှာမှ လူတွေရဲ့ မကောင်းမှုစိတ်ဓာတ်တွေ ပြန်လည်ပြင်ဆင်လာကြပြီး
ကမ္ဘာပျက်မည့်ဘေးမှ လွတ်ကင်းရပုံ၊ ကမ္ဘာပျက်မည့် အနိဌာရုံ မြင်ကွင်းတွေကပင် လူတွေရဲ့စိတ်အား
ဥပါဒါန် ဖြစ်ပြီး ဥပဒ်ဖြစ်စေတတ်ပုံ စတာတွေကို အသားပေး ရိုက်ကူးလာကြတယ်။
၎င်းတို့၏ အနှစ်ချုပ်ကား
စိတ်ထားကောင်းသူ သို့မဟုတ် စိတ်ကောင်းထားကြမှသာ ကမ္ဘာပျက်မည့်အရေး ကြိုတင်ကာကွယ်နိုင်ပုံနှင့်
ဥပါဒါန်ကြောင့် ဥပဒ်ရောက်တတ်ပုံတို့ကို ဖော်ပြလိုရင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိတယ်။ ဒါတွေသည်ပင်
ဗုဒ္ဓရဲ့ လောကနိယာမတွေဟု ဆင်ခြင်နားလည်မိပါတယ်။
ရုပ်ရှင်မှ
တကယ့်ဖြစ်ရပ် အခြေအနေတို့ကို သုံးသပ်ရလျှင်လည်း ထိုအဖြေသာ ထွက်ပါတယ်။ လက်ရှိ မိမိတနိုင်ငံတည်း
ဖြစ်ပျက်နေသော ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အခင်းအကျင်းတို့သည်လည်း အပြောင်းအလဲဖြစ်ဖို့
တာဆူနေချိန်ဖြစ်ပါတယ်။
တချို့သော
ဘာသာရေးဂုရုတွေကလဲ လွန်ခဲ့သော နှစ်ပေါင်းတရာကပင် စကြာမင်းလောင်းပေါ်မည်ဟု ကောလဟလလွှင့်ခဲ့သည်မှာ
ယခုထက်တိုင် ထိုမင်းလောင်းလဲ မပေါ်သေးသော်လည်း တဘောင်စကားအရ စကြာမင်းလောင်းပေါ်ရန် ကောလဟလသည်
အနှစ်တရာက ကြွေးကြော်သည်ဆိုသော စကားအရ အချိန်ကား ကပ်လုနီးပြီ။
စကြာမင်းလောင်းတို့မည်သည်
ခေတ်ပျက်လု အခြေအနေတွင် လူသားအားလုံးတို့၏ ဆန္ဒအရ ပေါ်ထွက်လာတတ်သည်ဆိုသော အဆိုတရပ်ကိုလည်း
မှတ်သားဖူးပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး
အခင်းအကျင်း အာဏာလွန်ဆွဲပွဲတွင် သွေးထွက်သံယို အဓိကရုန်းကြီး မဖြစ်ပါစေနဲ့လို့ ပညာရှိ
သူတော်ကောင်းတို့ ၀ိုင်းဝန်း မေတ္တာပို့သလျက်ရှိနေပါတယ်။
အကျွန်ုပ်သည်
အသက် ၁၅ ၁၆နှစ်အရွယ်တွင် မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်သာ ဖြစ်သည်။ ထိုမတိုင်ခင် သိပ္ပံနယ်ပယ်သည်သာ
မိမိ၏ အားကိုးရာဟုသာ မှတ်ထင်စွဲမြဲခဲ့သည်။ ထိုမှ ဆရာကောင်းတို့၏ လမ်းညွှန်မှုဖြင့် ၀ိပဿနာနည်းကို
သဲအင်း၊ မဟာစည်၊ မိုးကုတ်၊ လယ်တီ၊ အနာဂမ် ဆရာသက်ကြီး၊ ရွှေမင်းဝံ စသည့်နည်းပေါင်းများစွာ
နှစ်စဉ် ၀ိပဿနာစခန်းများ၌ ကျင့်ကြံခဲ့ဖူးရာမှ အန္ဓမှ သုတမယ စိန္တာမယ ဘာဝနာမယ အနည်းငယ်
တီးမိခေါက်မိလာခဲ့သည်။ ထိုအချိန်က ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် စသော ၀ိဇ္ဇာဓိုရ်၊ ဘုရားလောင်း
အကျင့်စခမ်းတို့ကို အားမကျ ကဲ့ရဲ့မိခဲ့သည်။ ၀ိပဿနာလမ်းစဉ်သက်သက်သည်သာ သာသနာကို အထူးစောင့်ရှောက်ကာကွယ်ခြင်းဟု
ခိုင်မြဲစွာ ယုံကြည်ခဲ့မိသည်။ ထိုမှတဆင့် ပုဂ္ဂိုလ်ထူးအချို့နှင့် ထိတွေ့ဆက်ဆံခဲ့ရာမှ
သာသနာကို စောင့်ရှောက်နေကြသူတို့မှာ သင်္ကန်းဝတ် ရဟန်း၊ ဘုန်းကြီး၊ သာသနာဒါယကာ လူပုဂ္ဂိုလ်များတင်မဟုတ်ဘဲ
သိကြား၊ သာသနာစောင့်နတ်များ၊ ၀ိဇ္ဇာဓရများလည်း အထင်အရှား ရှိကြောင်း သိမြင်လာခဲ့သည်။
ထိုသူတို့သည်ကား ယခုခေတ် လူတို့၏ သီလ၊ သမာဓိ၊ ပညာအားနည်းမှုကြောင့် လူတွေကြားထဲ သိသာထင်ရှားစွာ
မပြသနိုင်ဘဲ နောက်ကွယ်မှသာ ကူညီစောင့်ရှောက်နေကြခြင်းဖြစ်သည်ဟု သိရှိလာခဲ့သည်။
ဒီတိုင်းပြည်၏
ကံကြမ္မာသည် လက်ရှိ တိုင်းပြည်အတွင်း နေထိုင်ကြသော တိုင်းသူပြည်တိုင်း၏ ကံကြမ္မာပင်ဖြစ်သည်။
ကံ ကြမ္မာဟု ဆိုရာ၌ ရှေးရှေးအတိတ်က မိမိတို့ တဦးစီ သို့မဟုတ် အစုအဖွဲ့ သို့မဟုတ် အားလုံး
ပေါင်းစု၍ ပြုခဲ့သော ကောင်းမှု မကောင်းမှု စေတနာကံတို့သည် လက်ရှိ အခြေအနေ အကျိုးဆက်ကို
ဖန်တီးနေခြင်းဖြစ်သည်။ ထိုပြုခဲ့သော ကံတို့ကြောင့် ရရှိလာသော ကောင်းမှု မကောင်းမှုတို့ကို
လက်ရှိ ပစ္စုပ္ပန် ကံတို့ဖြင့် ပို၍ ကောင်းအောင်၎င်း ဆိုးအောင်၎င်း ထပ်မံပြုပြင်နိုင်သည်။ အချို့သော
ဂရုကံတို့၏ အကျိုးဆက်ကိုမူကား ပြုပြင်စီရင်ခွင့်မရပေ။ ကံ၏အကျိုးပေးချိန်ကို လူတိုင်း
သိရှိခြင်းငှာ မစွမ်းသောကြောင့် မကောင်းသော အကျိုးဆက်တို့ကို ဖယ်ရှားရန်၊ သို့မဟုတ်
ကောင်းသော အကျိုးဆက်တို့ကို ပို၍ တည်မြဲကောင်းမွန်စေရန် အချိန်ပြည့် မစွမ်းဆောင်နိုင်ပေ။
အချို့သော လူသူတော် ရဟန်းသူတော် ပညာရှိ ၀ိဇ္ဇာဓိုရ်၊ သိကြား၊ သာသနာစောင့်နတ်များကား
အလျင်းသင့်သလို သက်ဆိုင်ရာမှ အသိပေး လှုံ့ဆော်ပေးနေမှုများ ရှိသော်လည်း အန္ဓ အမှန်မမြင်နိုင်သူတို့အဖို့
ရယ်စရာဖြစ်နေပေလိမ့်မည်။
အထူးပြောလိုသည်မှာ
လူသားတိုင်း၏ နောင်ဖြစ်မည့် ကံကြမ္မာကို ထိုလူသားတိုင်းမှ ၉၉%ခန့် စီရင်ဖန်တီးပိုင်ခွင့်
ရှိသည်ဆိုသော အချက်ပင်ဖြစ်သည်။ ထိုအချက်သည် ခိုင်မာ၏။ သို့သော် ဥာဏ်ရှိဖို့လိုမည်။
စိတ္တေနော
နိယတေ လောကော စိတ်သည် လောကကို ဆောင်၏။ ကမ္ဘာလောကတခုလုံးကို ဖန်ဆင်းသည်မှာ ဖန်ဆင်းရှင်များ
ဘုရားများမဟုတ်၊ သိပ္ပံနယ်မှ သိသော အီလက်ထရွန်၊ ပရိုတွန်၊ ထို့ထက်ငယ်သော ကွတ်အမှုန်ငယ်များ
မဟုတ်၊ ကမ္ဘာပေါ်ရှိ သက်ရှိအရာ အားလုံးတို့၏ စိတ်သာဖြစ်သည်။ ထိုအထဲကမှ အထူးစွမ်းဆောင်ရည်ရှိသော
လူသားတို့၏ စိတ်သည်သာ အခရာဖြစ်သည်။ ထိုစိတ်ဖြင့် ကမ္ဘာကြီး လည်ပတ်လျက်ရှိသည်။ လ၊ နေ၊
ဂြိုလ်၊ နက္ခတ်တို့ လည်ပတ်လျက်ရှိသည်။ ထိုစိတ်တို့၏ မကောင်းသော ကိလေသာမှိုင်းတို့ကြောင့်
ဂြိုလ် နက္ခတ်တို့၏ ပုံမှန် လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေကာ မကောင်းသော ဥတု၊ ကပ်ဘေးတို့ကို
ဖြစ်ပေါ်စေသည်။ ထိုစိတ်တို့၏ ကောင်းသော ကုသိုလ်ကံစေတနာတို့ကြောင့် ဂြိုလ် နက္ခတ်တို့
ပုံမှန်လည်ပတ်မှု ဖြစ်စေကာ သာယာသောဥတု၊ ပိုမိုကောင်းမွန်သောကမ္ဘာ၊ သက်ဆိုင်ရာ အနီးဝန်းကျင်မှ
လူသားများ ဒေသများ ၀န်ကျင်များကို ပိုမိုကောင်းမွန်သော လူမှုအဖွဲ့အစည်း၊ ပိုမိုကောင်းမွန်သော
အုပ်ချုပ်မှုစနစ်၊ ပိုမိုကောင်းမွန်သော စီးပွားဖွံ့ဖြိုးရေးတို့ အရှိန်အဟုန်မြှင့် ဖြစ်တည်လာစေတော့သည်။
ဤဖော်ပြချက်သည်ကား
အကြွင်းမဲ့ မှန်ကန်တည်ရှိနေမည့် လောကသက်စောင့် တရားများပင်ဖြစ်သည်။ လောကပါလ သီလဟု ခေါ်ဆိုအပ်သည့်
ဗုဒ္ဓဘာသာဝင်တို့၏ အနိမ့်ဆုံး ငါးပါးသီလသည် လောကသက်စောင့် တရားပင်ဖြစ်သည်။ လူသားအားလုံးနီးပါး
တနည်း လူလေးပုံတွင် သုံးပုံအထက် ထိုအခြေခံ ငါးပါးသီလ စောင့်ထိန်းကြမည်ဆိုလျှင်ဖြင့်
ထိုဒေသ ထိုဝန်းကျင် ထိုနိုင်ငံ ထိုကမ္ဘာသည် လက်ရှိထက် ပိုမိုသာလွန်ကောင်းမွန်သော အခြေအနေသို့
တိုးတက်မြင့်မားလာဖို့သာ ရှိသည်။
ခြေလေးချောင်းပါရှိသော
စားပွဲသည် တချောင်းချို့တဲ့လျှင်ပင် မခိုင်တော့ချေ။ သို့သော် အမြင့်တနေရာ၌ကား ရှိနေအုံးမည်။
ထိုနည်းတူ ခြေနှစ်ချောင်းချို့တဲ့လျှင် တဖက်စောင်းနင်းဖြစ်ကာ ဖရိုဖရဲဖြစ်လိမ့်သော်ငြား
ကျန်ခြေနှစ်ချောင်းကြောင့် လုံးဝအောက်သို့ မရောက်နိုင်သေးပေ။ ခြေတချောင်းတည်းသာ ရှိသော
အခြေအနေသည်ကား အဆိုးဆုံးသို့ ရောက်လုရောက်ခင်ဖြစ်ကာ ဗရုန်းသုန်းကား ပျက်လုပျက်ခင် အခြေအနေတည်း။
ကျန်ခြေတချောင်း၏ ထိပ်သည်ကား အမြင့်တနေရာ၌ ဆက်လက်တည်ရှိနေပေအုံးမည်။ သို့သော် ခြေလေချောင်းလုံး
လုံးဝ ပျက်သုဉ်းချိန်ကား စားပွဲသည် အမြင့်မှ အနိမ့်သို့၊ တည်ရှိမှုမှ ပျက်သုဉ်းမှုသို့၊
လုံးဝဥဿုံ ဆိုက်ရောက်ပေမည်။ ထို့နည်းတူ ကမ္ဘာပေါ်ရှိ သက်ရှိလူသားတို့၏ သီလစောင့်ထိန်းမှုသည်လည်း
ဤအခြေအနေကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည်။ ယခုလက်ရှိအနေအထားသည်ကား လေးပုံတပုံသာ သီလစောင့်တည်နိုင်သော
ခေတ်ဆိုးအခြေအနေဆိုးသို့ ဆိုက်ရောက်နေသည်။ ထိုအနေအထားမှ အားလုံးနီးပါး သီလစောင့်တည်နိုင်ဖို့
အချိန်ကာလကြာမြင့်ချိန်ကား အားလုံး၏ လုံ့လ၀ီရိယ သဒ္ဓါပေါ် မူတည်နေပေသည်။
ထို့ကြောင့်
တရားချစ်ခင် စိတ်ကောင်းဝင်လျက်ရှိကြကုန်သော လူသူတော်ကောင်း ရဟန်းသူတော်ကောင်းအပေါင်းတို့အား
မိမိတို့ တတ်အားသရွေ့ လောကပါလ လောကသက်စောင့် တရားများကို မိမိကိုယ်တိုင်လည်း ကိုယ်စီကိုယ်ငှ
စောင့်ထိန်းနိုင်ကြ၍ မိမိဝန်းကျင်မှ ရေစက် ပါရမီဆုံရာ လူသူတော်လောင်း ရဟန်းသူတော်လောင်းများကိုလည်း
ထပ်ဆင့် မျှဝေ သီလတရားများ ကိုယ်စီ ကိုယ်စီ စောင့်ထိန်းနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ခင်မင်တဲ့
ကိုဝေအောင်
၁၈ အောက်တိုဘာ ၂၀၁၅
ည ၉း ၄၀ နာရီ။
ကိုဝေအောင်
၁၈ အောက်တိုဘာ ၂၀၁၅
ည ၉း ၄၀ နာရီ။