Sunday, 18 October 2015

လောက သက်စောင့် တရား

လောက သက်စောင့် တရား


ခုခေတ်  -  အခြေအနေတွေ အားလုံး ရှုပ်ထွေး ရောပြွမ်းနေတဲ့ခေတ်။

ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာ၊ စိုက်ပျိုးရေး၊ စတဲ့ ကဏ္ဍပေါင်းစုံမှာ အမြင်မတူ၊ ရှုထောင့်မတူ ခံစားချက်မတူ ၀ိဝါဒ ကွဲပြားစွာ သူတလူ ငါတမင်းဖြစ်နေကြတာကို သာမန်သူတွေအဖို့ သွေးပျက်ခြောက်လှန့်ဖွယ်ရာ၊ မသိနားမလည်သူတွေအဖို့ ကိုယ်နဲ့မဆိုင် ငိုင်တိုင်တိုင်၊ သိနားလည်သူတွေအဖို့ (ယထာဘူတ) ဒါတွေသည် အပြောင်းအလဲတခုသို့ တွန်းပို့မည့် စွမ်းအားစုတွေလို့ သိမြင်လာတယ်။

၂၀၀၀ခုနှစ် ၀န်းကျင် Hollywood ရုပ်ရှင်ကားတွေမှာ ကမ္ဘာပျက်ကြောင်း ကားတွေကို ရိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ကားတွေရဲ့ အဆုံးသတ်ဟာ တကယ့် အနည်းငယ်သော လက်တဆုပ်သာသာ လူနည်းစုသာ ကျန်ရှိပြီး ကမ္ဘာသစ်ထူထောင်ပုံကို ဖော်ပြခဲ့ပါတယ်။ ရှေးဟောင်းကျမ်းတွေရဲ့ အလိုအရ ကမ္ဘာပျက်ဖို့ နှစ် ပရိစ္ဆေဒများစွာ ကျန်ရှိပါအုံးမယ်။ ဒါပေမယ့် ကြားကာလတွေမှာ အသေးစား သတိပေးမှုတွေတော့ ရှိကောင်း ရှိပါလိမ့်မယ်။ Hollywood ရဲ့ နောက်ပိုင်း ရုပ်ရှင်တွေမှာတော့ ကမ္ဘာပျက်ပုံကို ပုံစံတမျိုးနဲ့ တင်ဆက်လာတယ်။ အရင်ကားတွေရဲ့ မအောင်မြင်မှုကြောင့်လား လူတွေ စိတ်ဝင်စားမှုနဲလာလို့ ဖန်တီးမှု အသစ်လားတော့ ရိုက်ကူးတင်ဆက်သူသာ သိမှာပါ။ နောက်ပိုင်းရုပ်ရှင်တွေက ကမ္ဘာပျက်မည့် အလားအလာရှိတာကို ပြပြီး သူတို့တွေက Solution အဖြေတခု သိရှိသွားပုံကို ရိုက်ကူးတင်ဆက်လာကြတယ်။

ဒီအထဲက အချို့ကားတွေက ပြောင်းလဲမှု ကပ်ဘေးအကြီးအကျယ်ဆိုက်ချိန်မှာမှ လူတွေရဲ့ မကောင်းမှုစိတ်ဓာတ်တွေ ပြန်လည်ပြင်ဆင်လာကြပြီး ကမ္ဘာပျက်မည့်ဘေးမှ လွတ်ကင်းရပုံ၊ ကမ္ဘာပျက်မည့် အနိဌာရုံ မြင်ကွင်းတွေကပင် လူတွေရဲ့စိတ်အား ဥပါဒါန် ဖြစ်ပြီး ဥပဒ်ဖြစ်စေတတ်ပုံ စတာတွေကို အသားပေး ရိုက်ကူးလာကြတယ်။

၎င်းတို့၏ အနှစ်ချုပ်ကား စိတ်ထားကောင်းသူ သို့မဟုတ် စိတ်ကောင်းထားကြမှသာ ကမ္ဘာပျက်မည့်အရေး ကြိုတင်ကာကွယ်နိုင်ပုံနှင့် ဥပါဒါန်ကြောင့် ဥပဒ်ရောက်တတ်ပုံတို့ကို ဖော်ပြလိုရင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိတယ်။ ဒါတွေသည်ပင် ဗုဒ္ဓရဲ့ လောကနိယာမတွေဟု ဆင်ခြင်နားလည်မိပါတယ်။

ရုပ်ရှင်မှ တကယ့်ဖြစ်ရပ် အခြေအနေတို့ကို သုံးသပ်ရလျှင်လည်း ထိုအဖြေသာ ထွက်ပါတယ်။ လက်ရှိ မိမိတနိုင်ငံတည်း ဖြစ်ပျက်နေသော ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အခင်းအကျင်းတို့သည်လည်း အပြောင်းအလဲဖြစ်ဖို့ တာဆူနေချိန်ဖြစ်ပါတယ်။

တချို့သော ဘာသာရေးဂုရုတွေကလဲ လွန်ခဲ့သော နှစ်ပေါင်းတရာကပင် စကြာမင်းလောင်းပေါ်မည်ဟု ကောလဟလလွှင့်ခဲ့သည်မှာ ယခုထက်တိုင် ထိုမင်းလောင်းလဲ မပေါ်သေးသော်လည်း တဘောင်စကားအရ စကြာမင်းလောင်းပေါ်ရန် ကောလဟလသည် အနှစ်တရာက ကြွေးကြော်သည်ဆိုသော စကားအရ အချိန်ကား ကပ်လုနီးပြီ။

စကြာမင်းလောင်းတို့မည်သည် ခေတ်ပျက်လု အခြေအနေတွင် လူသားအားလုံးတို့၏ ဆန္ဒအရ ပေါ်ထွက်လာတတ်သည်ဆိုသော အဆိုတရပ်ကိုလည်း မှတ်သားဖူးပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အာဏာလွန်ဆွဲပွဲတွင် သွေးထွက်သံယို အဓိကရုန်းကြီး မဖြစ်ပါစေနဲ့လို့ ပညာရှိ သူတော်ကောင်းတို့ ၀ိုင်းဝန်း မေတ္တာပို့သလျက်ရှိနေပါတယ်။

အကျွန်ုပ်သည် အသက် ၁၅ ၁၆နှစ်အရွယ်တွင် မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်သာ ဖြစ်သည်။ ထိုမတိုင်ခင် သိပ္ပံနယ်ပယ်သည်သာ မိမိ၏ အားကိုးရာဟုသာ မှတ်ထင်စွဲမြဲခဲ့သည်။ ထိုမှ ဆရာကောင်းတို့၏ လမ်းညွှန်မှုဖြင့် ၀ိပဿနာနည်းကို သဲအင်း၊ မဟာစည်၊ မိုးကုတ်၊ လယ်တီ၊ အနာဂမ် ဆရာသက်ကြီး၊ ရွှေမင်းဝံ စသည့်နည်းပေါင်းများစွာ နှစ်စဉ် ၀ိပဿနာစခန်းများ၌ ကျင့်ကြံခဲ့ဖူးရာမှ အန္ဓမှ သုတမယ စိန္တာမယ ဘာဝနာမယ အနည်းငယ် တီးမိခေါက်မိလာခဲ့သည်။ ထိုအချိန်က ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် စသော ၀ိဇ္ဇာဓိုရ်၊ ဘုရားလောင်း အကျင့်စခမ်းတို့ကို အားမကျ ကဲ့ရဲ့မိခဲ့သည်။ ၀ိပဿနာလမ်းစဉ်သက်သက်သည်သာ သာသနာကို အထူးစောင့်ရှောက်ကာကွယ်ခြင်းဟု ခိုင်မြဲစွာ ယုံကြည်ခဲ့မိသည်။ ထိုမှတဆင့် ပုဂ္ဂိုလ်ထူးအချို့နှင့် ထိတွေ့ဆက်ဆံခဲ့ရာမှ သာသနာကို စောင့်ရှောက်နေကြသူတို့မှာ သင်္ကန်းဝတ် ရဟန်း၊ ဘုန်းကြီး၊ သာသနာဒါယကာ လူပုဂ္ဂိုလ်များတင်မဟုတ်ဘဲ သိကြား၊ သာသနာစောင့်နတ်များ၊ ၀ိဇ္ဇာဓရများလည်း အထင်အရှား ရှိကြောင်း သိမြင်လာခဲ့သည်။ ထိုသူတို့သည်ကား ယခုခေတ် လူတို့၏ သီလ၊ သမာဓိ၊ ပညာအားနည်းမှုကြောင့် လူတွေကြားထဲ သိသာထင်ရှားစွာ မပြသနိုင်ဘဲ နောက်ကွယ်မှသာ ကူညီစောင့်ရှောက်နေကြခြင်းဖြစ်သည်ဟု သိရှိလာခဲ့သည်။

ဒီတိုင်းပြည်၏ ကံကြမ္မာသည် လက်ရှိ တိုင်းပြည်အတွင်း နေထိုင်ကြသော တိုင်းသူပြည်တိုင်း၏ ကံကြမ္မာပင်ဖြစ်သည်။ ကံ ကြမ္မာဟု ဆိုရာ၌ ရှေးရှေးအတိတ်က မိမိတို့ တဦးစီ သို့မဟုတ် အစုအဖွဲ့ သို့မဟုတ် အားလုံး ပေါင်းစု၍ ပြုခဲ့သော ကောင်းမှု မကောင်းမှု စေတနာကံတို့သည် လက်ရှိ အခြေအနေ အကျိုးဆက်ကို ဖန်တီးနေခြင်းဖြစ်သည်။ ထိုပြုခဲ့သော ကံတို့ကြောင့် ရရှိလာသော ကောင်းမှု မကောင်းမှုတို့ကို လက်ရှိ ပစ္စုပ္ပန် ကံတို့ဖြင့် ပို၍ ကောင်းအောင်၎င်း ဆိုးအောင်၎င်း ထပ်မံပြုပြင်နိုင်သည်။ အချို့သော ဂရုကံတို့၏ အကျိုးဆက်ကိုမူကား ပြုပြင်စီရင်ခွင့်မရပေ။ ကံ၏အကျိုးပေးချိန်ကို လူတိုင်း သိရှိခြင်းငှာ မစွမ်းသောကြောင့် မကောင်းသော အကျိုးဆက်တို့ကို ဖယ်ရှားရန်၊ သို့မဟုတ် ကောင်းသော အကျိုးဆက်တို့ကို ပို၍ တည်မြဲကောင်းမွန်စေရန် အချိန်ပြည့် မစွမ်းဆောင်နိုင်ပေ။ အချို့သော လူသူတော် ရဟန်းသူတော် ပညာရှိ ၀ိဇ္ဇာဓိုရ်၊ သိကြား၊ သာသနာစောင့်နတ်များကား အလျင်းသင့်သလို သက်ဆိုင်ရာမှ အသိပေး လှုံ့ဆော်ပေးနေမှုများ ရှိသော်လည်း အန္ဓ အမှန်မမြင်နိုင်သူတို့အဖို့ ရယ်စရာဖြစ်နေပေလိမ့်မည်။

အထူးပြောလိုသည်မှာ လူသားတိုင်း၏ နောင်ဖြစ်မည့် ကံကြမ္မာကို ထိုလူသားတိုင်းမှ ၉၉%ခန့် စီရင်ဖန်တီးပိုင်ခွင့် ရှိသည်ဆိုသော အချက်ပင်ဖြစ်သည်။ ထိုအချက်သည် ခိုင်မာ၏။ သို့သော် ဥာဏ်ရှိဖို့လိုမည်။

စိတ္တေနော နိယတေ လောကော စိတ်သည် လောကကို ဆောင်၏။ ကမ္ဘာလောကတခုလုံးကို ဖန်ဆင်းသည်မှာ ဖန်ဆင်းရှင်များ ဘုရားများမဟုတ်၊ သိပ္ပံနယ်မှ သိသော အီလက်ထရွန်၊ ပရိုတွန်၊ ထို့ထက်ငယ်သော ကွတ်အမှုန်ငယ်များ မဟုတ်၊ ကမ္ဘာပေါ်ရှိ သက်ရှိအရာ အားလုံးတို့၏ စိတ်သာဖြစ်သည်။ ထိုအထဲကမှ အထူးစွမ်းဆောင်ရည်ရှိသော လူသားတို့၏ စိတ်သည်သာ အခရာဖြစ်သည်။ ထိုစိတ်ဖြင့် ကမ္ဘာကြီး လည်ပတ်လျက်ရှိသည်။ လ၊ နေ၊ ဂြိုလ်၊ နက္ခတ်တို့ လည်ပတ်လျက်ရှိသည်။ ထိုစိတ်တို့၏ မကောင်းသော ကိလေသာမှိုင်းတို့ကြောင့် ဂြိုလ် နက္ခတ်တို့၏ ပုံမှန် လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေကာ မကောင်းသော ဥတု၊ ကပ်ဘေးတို့ကို ဖြစ်ပေါ်စေသည်။ ထိုစိတ်တို့၏ ကောင်းသော ကုသိုလ်ကံစေတနာတို့ကြောင့် ဂြိုလ် နက္ခတ်တို့ ပုံမှန်လည်ပတ်မှု ဖြစ်စေကာ သာယာသောဥတု၊ ပိုမိုကောင်းမွန်သောကမ္ဘာ၊ သက်ဆိုင်ရာ အနီးဝန်းကျင်မှ လူသားများ ဒေသများ ၀န်ကျင်များကို ပိုမိုကောင်းမွန်သော လူမှုအဖွဲ့အစည်း၊ ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ပိုမိုကောင်းမွန်သော စီးပွားဖွံ့ဖြိုးရေးတို့ အရှိန်အဟုန်မြှင့် ဖြစ်တည်လာစေတော့သည်။

ဤဖော်ပြချက်သည်ကား အကြွင်းမဲ့ မှန်ကန်တည်ရှိနေမည့် လောကသက်စောင့် တရားများပင်ဖြစ်သည်။ လောကပါလ သီလဟု ခေါ်ဆိုအပ်သည့် ဗုဒ္ဓဘာသာဝင်တို့၏ အနိမ့်ဆုံး ငါးပါးသီလသည် လောကသက်စောင့် တရားပင်ဖြစ်သည်။ လူသားအားလုံးနီးပါး တနည်း လူလေးပုံတွင် သုံးပုံအထက် ထိုအခြေခံ ငါးပါးသီလ စောင့်ထိန်းကြမည်ဆိုလျှင်ဖြင့် ထိုဒေသ ထိုဝန်းကျင် ထိုနိုင်ငံ ထိုကမ္ဘာသည် လက်ရှိထက် ပိုမိုသာလွန်ကောင်းမွန်သော အခြေအနေသို့ တိုးတက်မြင့်မားလာဖို့သာ ရှိသည်။

ခြေလေးချောင်းပါရှိသော စားပွဲသည် တချောင်းချို့တဲ့လျှင်ပင် မခိုင်တော့ချေ။ သို့သော် အမြင့်တနေရာ၌ကား ရှိနေအုံးမည်။ ထိုနည်းတူ ခြေနှစ်ချောင်းချို့တဲ့လျှင် တဖက်စောင်းနင်းဖြစ်ကာ ဖရိုဖရဲဖြစ်လိမ့်သော်ငြား ကျန်ခြေနှစ်ချောင်းကြောင့် လုံးဝအောက်သို့ မရောက်နိုင်သေးပေ။ ခြေတချောင်းတည်းသာ ရှိသော အခြေအနေသည်ကား အဆိုးဆုံးသို့ ရောက်လုရောက်ခင်ဖြစ်ကာ ဗရုန်းသုန်းကား ပျက်လုပျက်ခင် အခြေအနေတည်း။ ကျန်ခြေတချောင်း၏ ထိပ်သည်ကား အမြင့်တနေရာ၌ ဆက်လက်တည်ရှိနေပေအုံးမည်။ သို့သော် ခြေလေချောင်းလုံး လုံးဝ ပျက်သုဉ်းချိန်ကား စားပွဲသည် အမြင့်မှ အနိမ့်သို့၊ တည်ရှိမှုမှ ပျက်သုဉ်းမှုသို့၊ လုံးဝဥဿုံ ဆိုက်ရောက်ပေမည်။ ထို့နည်းတူ ကမ္ဘာပေါ်ရှိ သက်ရှိလူသားတို့၏ သီလစောင့်ထိန်းမှုသည်လည်း ဤအခြေအနေကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည်။ ယခုလက်ရှိအနေအထားသည်ကား လေးပုံတပုံသာ သီလစောင့်တည်နိုင်သော ခေတ်ဆိုးအခြေအနေဆိုးသို့ ဆိုက်ရောက်နေသည်။ ထိုအနေအထားမှ အားလုံးနီးပါး သီလစောင့်တည်နိုင်ဖို့ အချိန်ကာလကြာမြင့်ချိန်ကား အားလုံး၏ လုံ့လ၀ီရိယ သဒ္ဓါပေါ် မူတည်နေပေသည်။

ထို့ကြောင့် တရားချစ်ခင် စိတ်ကောင်းဝင်လျက်ရှိကြကုန်သော လူသူတော်ကောင်း ရဟန်းသူတော်ကောင်းအပေါင်းတို့အား မိမိတို့ တတ်အားသရွေ့ လောကပါလ လောကသက်စောင့် တရားများကို မိမိကိုယ်တိုင်လည်း ကိုယ်စီကိုယ်ငှ စောင့်ထိန်းနိုင်ကြ၍ မိမိဝန်းကျင်မှ ရေစက် ပါရမီဆုံရာ လူသူတော်လောင်း ရဟန်းသူတော်လောင်းများကိုလည်း ထပ်ဆင့် မျှဝေ သီလတရားများ ကိုယ်စီ ကိုယ်စီ စောင့်ထိန်းနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


ခင်မင်တဲ့
ကိုဝေအောင်
၁၈ အောက်တိုဘာ ၂၀၁၅
ည ၉း ၄၀ နာရီ။

Tuesday, 18 February 2014

သစ်ပင်များမှ ရရှိသော အကျိုးကျေးဇူးများ (အကျိုးသက်ရောက်မှုများ)


သစ်ပင်များမှ ရရှိသော အကျိုးကျေးဇူးများ (အကျိုးသက်ရောက်မှုများ)

ကျနော်တို့ ဒီကမ္ဘာမြေ၀ယ် အပင်မျိုးစိတ်ပေါင်း ၁သန်းခန့် ရှိပြီး စာရင်းပြုစုပြီး ၃သိန်းနီးပါး၊ မျိုးတူ အမည်ကွဲနှင့် မျိုးစိတ်ခွဲများ ၄သိန်းခွဲကျော်၊ စာရင်းမပြုစုနိုင်သေးသော မျိုးစိတ်ပေါင်း ၂သိန်းကျော် ရှိပါတယ်။ နောက်ထပ်လဲ အသစ်သစ်သော မျိုးစိတ်တွေ ဆက်လက်၍ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။

သစ်ပင်မှ ရတဲ့ အကျိုးကျေးဇူးတွေကို ပြောမယ်ဆိုတော့ ကျနော် စာမရေးခင် အချက်တွေ ဆွဲထုတ်ကြည့်တယ်။ အင်း အတော်ကိုများတာပဲ။ ဘယ်ဘက်ကကြည့်ကြည့် လောကကို ကောင်းကျိုးပြုနေတာကို တွေ့ရတယ်။ ဒီတော့ ကိုယ့်ဘာသာကိုယ် ဘယ်ကစပြောရမလဲတောင် ဖြစ်မိတယ်။ ဒီတော့ ကျနော် ကဏ္ဍတွေ ခွဲကြည့်မယ်ဗျာ။ အရေးကြီးဆုံးကတော့ ပတ်ဝန်းကျင်ဂေဟစနစ်နဲ့ ပတ်သတ်တာပေါ့။ နောက်တခုက ဒီဂေဟစနစ်ကနေ ဆက်စပ်ပြီးတွေးကြည့်လိုက်တာ တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့အရေးပေါ့။ မတူဘူးနော် ပထမကဏ္ဍနဲ့ ဒုတိယကဏ္ဍနဲ့။ ပထမက သူ့ဝန်းကျင်ကလေးတင်၊ ဒုတိယက အဲ့ဒီဝန်းကျင်ငယ်လေးတွေ စုပေါင်းပြီး တကမ္ဘာလုံးအပေါ် အကျိုးသက်ရောက်မှုဖြစ်စေတာ။ တတိယအနေနဲ့ လူတွေအပေါ်အကျိုးပြုတာ အနေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂မျိုးရှိမယ်။ စိတ်ပိုင်းမှာ အပင်တွေရဲ့ သက်ရောက်မှုတွေက လူတွေကို စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစေလို့ ဒါလဲ အရေးကြီးတဲ့အတွက် ထည့်ရမယ်။ နောက် ရုပ်ပိုင်းအနေနဲ့က လူတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားချမ်းသာရေး ဆိုပြီး ထပ်ခွဲရမယ်။ နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးလဲ ဖြစ်တဲ့ ကျနော်တို့ အသက်ရှင်ရပ်တည်ဖို့ စား၊ ၀တ်၊ နေရေး ဤအချက်သုံးချက်ကို အဓိက ပံ့ပိုးထောက်ပံ့နေတာမို့ သူ့က အသက်တမျှ အရေးကြီးတာမို့ ထည့်သွင်းစဉ်းစား လိုက်ပါတယ်။ ဒီတော့ ကဏ္ဍတွေကို ပြန်ပြောရရင်-

၁။ ပတ်ဝန်းကျင်ဂေဟစနစ် သက်ရောက်မှု အပိုင်း (Environmental Effect)
၂။ တကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု အပိုင်း (Global Effect)
၃။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု အပိုင်း (Mental Effect)
၎။ ကျန်းမာရေးပိုင်းဆိုင်ရာ သက်ရောက်မှု အပိုင်း (Health Effect)
၅။ စီးပွားရေးပိုင်းဆိုင်ရာ သက်ရောက်မှု အပိုင်း (Economical Effect)
၆။ အသက်ရှင်သန်မှုဆိုင်ရာ ထောက်ပံ့သက်ရောက်မှု အပိုင်း (Vital Effect)

ဒီအချက်တွေကို တခုချင်းစီပြောတာထက် အချက်တခုနဲ့တခုက အပြန်အလှန် ဆက်စပ်နေတာမျိုးရှိလို့ ကျနော်တတ်နိုင်သလောက် ရှင်းပြသွားပါ့မယ်။

ကောင်းပြီ။ အပင်တွေရှိနေလို့ ပတ်ဝန်းကျင် ဂေဟနစ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတော့။ အပင်တွေက ဘာလုပ်သလဲ အရင်ကြည့်ရမယ်။ အားလုံးသိကြတဲ့ အတိုင်း အပင်အများစုဟာ နေရောင်နဲ့အစာချက်တဲ့ လုပ်ငန်းစဉ် (Photosynthesis) ကို နေ့ဘက်မှာပြုလုပ်ပြီး ၎င်းအစာကိုပင် ပြန်လည်စားသုံးတဲ့ (အပင်ရဲ့ ဇီဝဖြစ်စဉ်အချို့အတွက်) ဖြစ်စဉ် (Respiration) ကိုတော့ ညဘက်မှာ ပြုလုပ်တယ်။
Photosynthesis ဖြစ်စဉ်မှာ အလွယ်ပြောရရင် မြေကြီးထဲကရေ၊ လေထဲက CO2 ၊ နေရောင်အလင်းနဲ့ ပေါင်းပြီး အပင်မှာ အစာချက်တဲ့အခါ ကာဘိုဟိုက်ဒရိတ် နဲ့ အောက်ဆီဂျင်ထွက်တယ်။ ကာဘိုဟိုက်ဒရိတ်ကို အပင်အတွင်း သိုမှီးသိမ်းဆည်းပြီး O2ကိုတော့ ဓာတ်ပြုမှုရဲ့ ဘေးထွက်ပစ္စည်း အနေနဲ့ လေထုထဲကို ထုတ်လိုက်တယ်။ Respiration ဖြစ်စဉ်မှာကျတော့ အပင်ရဲ့ဇီဝကမ္မဖြစ်စဉ်အချို့ အတွက် လိုအပ်တဲ့စွမ်းအင်ရရှိဖို့ ၎င်းကိုယ်တိုင် ချက်ယူထားတဲ့ အစာ Carbohydrate ကပဲ ပြန်လည် ဖြိုခွဲတဲ့ဖြစ်စဉ်ဖြစ်တယ်။ ဒီတော့ လေထဲက အောက်ဆီဂျင်ကို ပြန်ယူ Carbohydrate နဲ့ပေါင်း တခါ CO2 နဲ့ ရေပြန်ထွက်တယ်။ ဒီ Respiraton ဖြစ်စဉ်ရဲ့နှုန်းနဲ့ Photosynthesis ရဲ့နှုန်းမှာ Photosynthesis ရဲ့နှုန်းက ၃ဆကနေ ၄ဆအထိများနိုင်တာပေါ့။ ဒါကြောင့်ပဲ ပိုတဲ့ Carbohydrate တွေကို ပုံစံမျိုးစံနဲ့ အပင်မှာ သိမ်းထားနိုင်တာပေါ့ဗျာ။ ဒါကြောင့် ပုံမှန်အားဖြင့် အပင်တွေက CO2ကို ရှူပြီး O2 ကိုထုတ်ကာ သတ္တလောကအတွက် အဖိုးတန် Carbohydrate တွေကို အပင်တွင်း သိမ်းထားပေးတယ်လို့ ပြောနိုင်ပါတယ်။

ဒီတော့အပင်က ၀န်းကျင်က ရေဓာတ်ကို ထိန်းညှိပေးထားတယ်လို့ ပြောရမယ်။ တနည်းအားဖြင့် မိုးသဲသဲမဲမဲရွာလို့ ရေကြီးလာမှုကို အပင်တွေရှိရင် အဲ့ဒီ ရေကြီးမှုကို သက်သာစေမယ်။ (အပင်တွေကို သူတို့လိုတဲ့ရေတွေကို စုပ်ပေးထားလို့)။

တခါ လေထုထဲက CO2 ကို စုပ်ထားနိုင်လို့ ပတ်ဝန်းကျင်လေထုကို သန့်ရှင်းစေရုံသာမက တဆက်တည်း ၀န်းကျင် အပူချိန်ကိုပါ လျော့ချနိုင်တယ်။ ဒါကြောင့် အပင်အရိပ်က ပလက်စတစ်အရိပ်ထက် ပိုအေးနေရတဲ့အချက်ပဲ။ ဒါကြောင့်ပဲ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ရန်ကုန်-ပြည်လမ်းမှာ ရှိနေတဲ့ အပင်ကြီးတွေရဲ့အရိပ်ကြောင့် နွေအခါ ခရီးသွားရသော်လည်း အပင်ရိပ်အောက်မှာမို့ ပူမှန်းမသိသာပါ။

အောက်ဆီဂျင်ဆိုတာက သက်ရှိလောကအတွက် အစာချေဖျက်ဖို့ စွမ်းအင်အနေနဲ့ မရှိမဖြစ် အရေးပါတဲ့ ဓာတ်ဆိုတော့ ဒါကို အပင်ကပဲ ပေးနေတဲ့အတွက် ကျေးဇူးကြီးမားလှပေတယ်။

နောက်တခုက အပင်ရဲ့ အမြစ်အဖွဲ့အစည်မှာ မှီတင်းနေထိုင်ကုန်ကြတဲ့ အဏုဇီဝပိုးမှသည် တီကောင်၊ မြေအောင်းပိုး၊ သတ္တ၀ါတွေအဆုံး ထိုသတ္တလောကတခုလုံးအတွက် အပင်တိုင်းဟာ ၎င်းတို့မှီခိုရာအိမ် အဖြစ်၎င်း၊ တခါ အပင်ကိုယ်၌က ၎င်းတို့ကို ရှင်သန်ဖို့အတွက် ပြန်လှန်မှီခိုနေရခြင်းဖြင့် သဟဇာတ မျှတစွာ အမှီသဟဲပြုနေကြပါတယ်။ ထို့အတွက် မြေဆီလွှာကောင်းမွန်မှု ပိုမိုဖွံ့ဖြိုးစေပြီး ရှိပြီးသား မြေဆီလွှာတွေလဲ မပျက်စီးစေခြင်းဖြင့် ဂေဟစနစ်ကို အကျိုးပြုနေပြန်ပါတယ်။

အမြစ်က မြေကြီးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားတဲ့အတွက် မြေပြိုခြင်း၊ ရေတိုက်စားခြင်းကို အတိုင်းအတာ တခုအထိ ခံနိုင်ရည်ရှိတာမို့ မြစ်ကမ်းနံဘေးတွေမှာ အပင်တွေရှိခြင်းဟာလဲ ကမ်းပါးပြိုခြင်းကို ထိန်းထားနိုင်တယ်လို့ ဆိုရပါမယ်။

အင်းလေးကန်လို နေရာမျိုးမှာ ရေထိန်းပင်တွေ လျော့နည်းသွားခြင်းဟာ ကန်ဧရိယာလျော့စေတဲ့ အချက်တခုပါ။ ထို့နည်းတူ မြန်မာပြည်အနှံ့ သဘာဝရိုးမတောကြီးများ ဖြစ်တဲ့ ကချင်တောင်တန်း၊ ချင်းတောင်းတန်း၊ ရှမ်းကုန်းမြင့်၊ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ဒေါနတောင်တန်း၊ တနင်္သာရီတောင်တန်း၊ စတာတွေမှာ တမိုးတွင်းလုံးရွာသွန်းလိုက်တဲ့ မိုးရေတွေကို အတိုင်းအတာတခုအထိ ထိန်းသိမ်းထားနိုင်စွမ်းရှိလို့ ရာသီဥတုကို မဖောက်ပြန်အောင် ထိန်းထားနိုင်တာပါ။

ဒီနေရာမှာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေအကြောင်း စလာပါပြီ။ ကျနော် အပင်တွေရဲ့ Photosynthesis ဖြစ်စဉ်ကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် ကာဗိုဟိုက်ဒရိတ် ထုတ်လုပ်ပေးနေတဲ့ ဇယားလေးတခု ကို ပြောပြချင်ပါတယ်။
ဂေဟစနစ် အမျိုးအစား တကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်နိုင်မှု
(billions metric tons per year)
အပူပိုင်း မုတ်သုံတော ၃၇.၎
သမပိုင်းတော ၁၅.ဝ
သမပိုင်းမြက်ခင်းလွင်ပြင် ၅.၎
စိုက်ပျိုးထွန်ယက်မြေ ၉.၁
ရေချို(ကန်၊ ၊မြစ်၊ ချောင်း၊ အင်း၊ အိုင်) ၀.၅
ပင်လယ်၊ သမုဒ္ဒရာ ၅၅.ဝ
စုစုပေါင်း ထုတ်လုပ်မှုပမာဏ ၁၂၂.၎
(ref: pg 18, Plant Physiology The Structure of Plants Explained by Dr. Edwin Oxlade)
ဒီတော့ နှစ်စဉ် ကမ္ဘာအနှံ့ အပင်တွေကနေ အစာချက်လုပ်ပေးနေတဲ့ ပမာဏက သန်းထောင်ပေါင်း ၁၂၂.၄ မက်ထရစ်တန် ရှိတယ်ဆိုတော့ အပင်တွေက သတ္တလောကတခုလုံးအတွက် ဘယ်လောက် အလုပ်လုပ်ပေးနေသလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။

သစ်ပင်များမှ ရရှိသော အကျိုးကျေးဇူးများ (အကျိုးသက်ရောက်မှုများ)အပိုင်း (၂)

ဥတုရာသီ တောကိုမှီ ဆိုတဲ့စကားအတိုင်း အပင်တွေဟာ သဘာ၀၀န်းကျင်ဂေဟစနစ်တခုလုံးအတွက် အရေးပါတဲ့ “ရေ” ကိုလဲ ထိန်းညှိပေးထားပါတယ်။ အပူပိုင်းမုတ်သုံတောများ လွန်ခဲ့တဲ့ဆယ်စုနှစ် များစွာက တပင်နှင့်တပင်ထပ်အောင် ပိန်းပိတ်နေသည်အထိ ထူထဲစွာ ပေါက်ရောက်နေကြပါတယ်။ ဒီတော့ မိုးရွာချလိုက်တယ်ဆိုရင်ပေါ် မိုးရေဟာ မြေကြီးနဲ့ထိဖို့ အနဲဆုံး ၁၀မိနစ်ကနေ ၁၅မိနစ် လောက်ထိ ကြာနိုင်ပါတယ်။ တခါ မြေကြီးကို ရွှဲသွးအောင်လုပ်ဖို့ကို အချိန်အတော်ကြာ ယူရပါမယ်။ အပင်ပေါင်းများစွာရဲ့ အမြစ်တွေကစုပ်ယူထားနိုင်လို့ ရေတွေဟာ မြစ်ချောင်းအင်းအိုင်ထဲ ရောက်ဖို့ အချိန်တော်တော်ကြာ ယူရပါမယ်။ တခါ ရေစီးသွားရာတလျှောက် အပင်တွေပေါက်ရောက် နေပြန် တော့ မြေဆီလွှာတွေ မတိုက်စားနိုင်တဲ့အပြင် ရေပမာဏများစွားကိုလဲ ကောင်းစွာစုပ်ယူ ထားနိုင် ပါတယ်။ ဒီလိုနဲ့ မြစ်ချောင်တွေဆီရောက်ပြန်တော့ ကမ်းနံဘေးပေါက်ရောက်နေတဲ့ အပင်တွေ က မြစ်ကမ်းနဘေးကို ရေးစီးကမတိုက်စားနိုင်အောင် ကာကွယ်ထားကြလေရဲ့။ ဒီတော့ မြစ်ကမ်းမပြိုတော့ မြစ်ဝှမ်းလဲ မကျယ်လာတော့ဘူးပေါ့။ မြစ်ဝှမ်းကျယ်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်မယ့် မြစ်ကြောင်းလမ်းကြောင်းပြောင်းခြင်း၊ တဖက်မှာ သောင်တွေ ကျယ်ပြန့်စွာဖြစ်ပြီး နောက်တစ်ဖက်မှာ ကမ်းပါးတွေတိုက်စား ရွာတွေ မြို့တွေ တိုက်စားတဲ့အထိ ဘယ်ဖြစ်တော့မလဲ။ ဒါတွေဟာ သစ်တောတွေက ကာကွယ်ထားတာပါ။ လွန်ခဲ့တဲ့ ရာစနှစ်များစွာ ကနေ ဆယ်စုနှစ်များစွာအထိ ဒီလိုကာကွယ်လာကြပေမယ့် မသိနားမလည်တဲ့ သစ်ခုတ်သမားတွေ၊ လောဘရမ္မက် ဟုန်းဟုန်းတောက်နေတဲ့ သစ်ခုတ်ကုမ္ပဏီတွေ၊ ခိုးပြီးသော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း၊ တိုက်ရိုက်ပေါ်တင်သော်၎င်း ခုတ်ယူနေကြတဲ့ အာဏာရှင်အသိုင်းအ၀ိုင်းတခု ဘေးက ခရိုနီ၊ပြာ၊၀ါ၊စိမ်း၊မဲညစ်တွေကြောင့်၎င်း၊ ပျက်စီးသကာ့ ပျက်စီးလာရင်း သဘာဝဥတုဖောက်ပြန်ကာ ဖြစ်ပျက်လာသော တောမီးများ၊ သဘာဝဘေးဒဏ်များကြောင့် အခုဆိုရင် တကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာနီးနီးရှိတဲ့ (၁ဧကနီးနီး) သစ်တောပမာဏတွေဟာ ပျောက်ကွယ်နေပြီ ဖြစ်ကြောင်း။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက သစ်တောတွေဟာ တကမ္ဘာလုံး ဧရိယာရဲ့ ၁၄% ရှိခဲ့ရာက အခုဆိုရင် ၆%သာ ရှိတော့ လာမည့် ဆယ်စုနှစ် အနည်းငယ် ဒီပုံစံအတိုင်း ဆက်သွားလျှင် ဘာမျှကျန်တော့မည် မဟုတ်ကြောင်း။ ကျနော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးထဲက သုတကျော်ရဲ့ ဆောင်းပါးထဲက စကားအတိုင်း ခဏယူငှားသုံးရလျှင် ကျနော်တို့ နိုင်ငံကြီးသား ပီသသူတိုင်း မိမိ ထမင်းတနပ်စာအတွက် မိမိအိမ်ထရံနှင့် တိုင်တို့ကို ချွတ်မရောင်းမိစေဖို့ စေတနာဖြင့် သတိပေးလိုက်ရပါတယ်။

ချန်ပူရီက ဖြစ်ရပ်မှန်


ချန်ပူရီက ဖြစ်ရပ်မှန်

တခါက ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ပူရီဆိုတဲ့ပြည်နယ်လေးတခုရှိတယ်။
အဲ့ဒီပြည်နယ်က အဓိက စိုက်ပျိုးရေးကိုလုပ်ပြီး အများဆုံးစိုက်တာတော့ စပါးပေါ့
သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံတနိုင်ငံလုံးစာနီးပါး ဖူလုံသတဲ့။
နောက်တော့ တဖြည်းဖြည်း အထွက်နှုန်းတွေလျော့လာတယ်
နောက်ဆုံး လုံးဝမရတော့တဲ့အထိဖြစ်သွားပြီး တရွာလုံးက ယောက်ျားလေးတွေက သင်္ဘောလိုက် မြို့တက်အလုပ်လုပ် မိန်းမတွေကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတွေလုပ်စား စသဖြင့်ပေါ့ဗျာ…
ဒီလိုနဲ့ သူတို့နိုင်ငံရဲ့ ၀န်ကြီးတွေက အစပိုင်းက ဖူလုံနေပြီး နောက်ပိုင်း နိုင်ငံခြား ဆန်စပါးတွေကို တင်သွင်းလာရတော့ သိပ်မကြည်တော့ဘူး
နောက်ပိုင်းလုံးလုံးလျားလျားတင်သွင်းလာရတော့ ဘတ်ဂျတ်တွေထိခိုက်လာတယ်
ဒီလိုနဲ့ သူတို့ အစီအစဉ်တခုဆွဲတယ်
ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြတယ်
ဒီတော့ ဘုရင်ကို ခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်နေသူကို စုစည်းရအောင်
အဲ့ဒီချန်ပူရီဒေသကို တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာတယ်
ဘုရင်ကလည်း နိုင်ငံအရေးဆိုတော့ သဘောတူတယ်
နောက် ဘုရင်က ၀န်ကြီးနောက်လိုက်တွေနဲ့ သူတို့ဆီရောက်ဆိုပါတော့
အဲ့ဒီမှာ လူလည်းစုံရော အရင်က စီစဉ်ထားတဲ့အတိုင်း သူတို့ထဲက ရုပ်ရည်သန့်ပြန့် အပြောအဟောကောင်းတဲ့ ဘုရင့်ကိုယ်ရေးအရာရှိကို ပြောခိုင်းတော့တာပဲ
“ကဲ ဒီလို ဘုရင်တိုင်းခန်းကြွလာရခြင်းဟာ မင်းတို့ကို မြှောက်စားချင်လို့
ဒီတော့ မင်းတို့အနေနဲ့ ဘုရင်အပေါ်အကြွေးတင်သွားပြီ
ဒီတော့ အရင်မင်းတို့ စပါးစိုက်ပြီး ထိုင်းတနိုင်လုံးဖူလုံတယ်
နောက် မင်းတို့ မစိုက်တော့လို့ တို့တွေ တခြားက တင်သွင်းရတယ် ဘတ်ဂျတ်ထိခိုက်တယ်
မင်းတို့ စပါးပြန်စိုက်ရမယ် ဒါဘုရင့်အမိန့် မစိုက်ရင် အမတော်ကြေးကောက်မယ် မပေးနိုင်ရင် xxxx”
အဲ့ဒီမှာ ဘုရင်ကြွလာလို့ အားလုံးပျော်ရွင်နေရာက ငြိမ်ပြီး ၀မ်းနည်းသွားကြတယ်
ဒီနေရာမှာ အဘိုးကြီးတယောက်ထလာပြီး တောင်သူဆိုတော့ သိတဲ့အတိုင်း ဘုပြောပေါ့
ကဲ မင်းတို့ပြောသလို မလုပ်နိုင်ဘူး သတ်ချင်သတ် ဒါပေမယ့် အားလုံးတော့ မလုပ်နဲ့
ငါ့တယောက်ထဲ လာသတ်လှည့် ဘာညာပေါ့..
မင်းတို့က ငါ့တို့အကြောင်းတော့ သေသေချာချာ မစုံစမ်းဘဲ ရမ်းသမ်းပြီး လုပ်လို့ရမလား
ငါတို့ ဘယ်လောက်ဒုက္ခရောက်ခဲ့ရသလဲ မင်းတို့မသိဘဲနဲ့ ဆိုပြီး ၀င် ဖြဲတာပေါ့့
ဒီမှာ ၀န်ကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာပြီး ဘုရင့် ကိုယ်ရေးအရာရှိက လက်တားပြတယ်
ပြီးတော့ ဒါဆိုရင် ခင်ဗျားစောင့်နေ ဒီကိစ္စကို အခုမရှင်းသေးဘူး မနက်ဖြန်ကျမှ ကျုပ်နဲ့ ခင်ဗျား ၂ယောက်ချင်းတွေ့မယ်ဆိုပြီး ကြိမ်းဝါးခဲ့ပြီး အားလုံး ပြန်သွားကြတယ်
အားလုံးကတော့ ဘုရင့်အရှေမှာမို့(ဘုရင်က ပြည်သူတွေကို အရမ်းချစ်တာကိုး) မသတ်ဘဲ နောက်မှ သတ်မယ်ပေါ့ စသဖြင့် ထင်ကြတယ်။
နောက် ဘန်ကောက်ပြန်ရောက်တော့ ဘုရင်ကိုယ်ရေးအရာရှိက သူ့ရဲ့ ရာထူးကိုစွန့်တယ်
အားလုံးလဲ အံ့သြကုန်တာပေါ့။ သူကဆက်ပြောတယ်။ ကျနော်ဒီရွာကို သွားလေ့လာရမယ်
အဲ့ဒီမှာ အဖိုးကြီးပြောတဲ့အထဲ တခုပါသေးတယ်။
ခင်ဗျားတို့က ရာထူးအဆောင်အယောင်တွေနဲ့ ကြီးပွားပြီး အေးအေးဆေးဆေးနေတော့ ဒါတွေဘယ်သိမလဲဆိုပြီး ဒါကို ကိုယ်ရေးအရာရှိ ကောင်းကောင်းနားလည်ပုံရတယ်
ဘုရင်ထံ ခွင့်တောင်း ရိုးရိုးအရပ်သားဘ၀နဲ့ ချန်ပူရီကို ကယ်တင်ပါရစေဆိုပြီး
ဘုရင်ကလဲ ခွင့်ပြုတယ်။ ဒီလိုနဲ့ ချန်ပူရီရောက် အဘိုးကြီးနဲ့တွေ့အကြောင်းအရင်းကိုမေးတဲ့အခါ
အရင်ကတော့ ဟုတ်တယ် စပါးတွေစိုက်တိုင်းဖြစ်တယ်။
နောက် နိုင်ငံတိုးတက်လာတော့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး စတာတွေ ပေါ်လာတယ်။
အဲ့ဒါတွေသုံးရင် ၂ဆ ၃ဆ အထွက်တိုးမယ်ဆိုပြီး ဓာတ်မြေသြဇာ company ကြီးတွေကရောင်းတယ်
အစပိုင်း ၄၊ ၅နှစ်မှာ သူတို့ပြောတဲ့အတိုင်း ထွက်တော့ တောင်သူတွေလဲ ၀မ်းသာတာပေါ့
နောက်အထွက်နှုန်းလျော့လာတယ်။ ဒီမှာ company တွေက ၂ဆ ထည့်ရမယ် ၃ဆ ထည့်ရယ် စသဖြင့်ပေါ့…
နောက်ပြီး ဖော်မြူလာ ၀မ်း ဘာညာဆိုပြီး ဈေးနှုန်းမြင့်တဲ့ ဓတ်မြေသြဇာတွေ သွင်းတော့တာပဲ
နောက်ပိုင်း တောင်သူတွေက မ၀ယ်နိုင်တော့ သူတို့က စပါးပေးနဲ့ရောင်းတယ်။
အစပိုင်းအဆင်ပြေပေမယ့် နောက်ပိုင်း အထွက်နှုန်းရော့လာပြန်ရော
နောက်ဆုံးအကြွေးပေါ်အကြွေးဆင့်နဲ့ လုံးဝမစိုက်နိုင်တော့ဘဲ သားသမီးတွေကို ခုနကလို အဖြစ်မျိုးတွေဖြစ်အောင် တွန်းပို့လိုက်သလိုပါဘဲ
အဲ့ဒီမှာ ကိုယ်ရေးအရာရှိက (ရာထူးကစွန့်လိုက်ပြီနော်) (သူက စိုက်ပျိုးရေးဆင်းဗျ)
သူ့မှာ ပိုင်ဆိုင်တဲ့ငွေနဲ့ ပြန်စမယ် ခင်ဗျားတို့က လူစိုက် တချို့တ၀က်တော့ လက်ရှိအလုပ်ပဲ ဆက်လုပ်အုံးပေါ့ နောက်မှာပြန်လာ ကဲ မှန်းစမ်း မြေကိုကြည့်မယ် ပေါက်တူးယူခဲ့ဆိုတော့ ရွာသားတွေလည်းတက်ကြွလာတာပေါ့။ နောက်ပေါက်လိုက်တာ ချွမ်းချွမ်း မြည်နေတာပဲ (ဓာတ်မြေသြဇာတန်ခိုး) ဒါဆိုဟုတ်ပြီ ဆိုပြီး စလိုက်တာ (နမူနာတခုပြောရရင် အဲ့ဒီမှာမြက်ရှည်တွေမပေါက်ဘူး ကမ်ဘောဒီယားဗီယက်နမ် စတာတွေဆီက ၀ယ်ရတယ် သင်္ဘောတွေနဲ့ ကားတွေနဲ့ နောက်မှ အဲ့ဒါကို ကို စင်း မြေကြီးပေါ်မှာခင်းပြီး သဘာဝမြေဆီလုပ်ရတယ်)

အခုဆိုရင် ချန်ပူရီမှာ စပါးအပြင် အခြားနှစ်ရှည်ပင်တွေရော၊ စားပင်သီးပင်တွေရောစုံလို့ ဒါ့အပြင် သင်တန်းကျောင်းကြီးလည်း ဖွင့်ထားတယ် နောက် အပင်တွေကထွက်တဲ့ သဘာဝအရင်းအမြစ်တွေနဲ့ လူ့အသုံးအဆောင် စားဖွယ် စတာတွေကို စက်ရုံတွေနဲ့ ထုတ်နေပြီလေ
သင်တန်းကျောင်းဆရာကတော့ ကိုယ်ရေးအရာရှိလေ…

ဒီ ဖြစ်ရပ်လေးကို နမူနာယူပြီး ကျနော်တို့နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍကိုလည်း တခေတ်ဆန်းသင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါတယ်။

ခေတ်အဆက်ဆက် စိုက်ပျိုးနည်းစနစ်များကို လေ့လာခြင်းနှင့် ၎င်းတို့အပေါ် သုံးသပ်ချက်


ခေတ်အဆက်ဆက် စိုက်ပျိုးနည်းစနစ်များကို လေ့လာခြင်းနှင့် ၎င်းတို့အပေါ် သုံးသပ်ချက်
(က)    သဘာဝနည်း (သမာရိုးကျနည်း) - သဘာဝမှာ သူ့အလိုလိုဖြစ်တည်နေသော အရာများ၊ သတ္တလောကမှ သူ့အလိုလို ဖြစ်တည်နေသော အရာများထံမှ ရှေးကနဦးအစကတည်းက စိုက်ပျိုးသူတို့ ရယူသုံးစွဲနေသောနည်းဖြစ်သည်။ ဥပမာ- နှစ်ချို့နေ သော သစ်ရွက်ဆွေးများ၊ မြေဆွေးများ၊ သတ္တ၀ါတို့၏ချေးများ၊ သဘာဝအရွက်များမှ သူ့အလိုလို ဆွေးမြေ့နေသော အရာများ စသည်တို့ပါဝင်သည်။ တနည်းအားဖြင့်ဆိုသော် လူသား၏ စိုက်ထုတ်မှုလုံ့လအနည်းငယ်သာဖြစ်စေ၊ လုံးဝမသုံးစွဲသည်ဖြစ်စေ၊ သူ့အလိုလို သဘာဝအတိုင်း ဖြစ်တည်နေသော အရာများကို လူသားတို့မှ အလွယ်တကူ ရယူသုံးစွဲနေခြင်း ဖြစ်သည်။
          ဤနည်းကို စိုက်ပျိုးရေးစတင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်မှ အေဒီ ၁၉ ရာစုအကုန်အထိ လူသားတို့ ကျင့်သုံးခဲ့သောနည်းစနည် (Traditional Agricultural System) ဖြစ်သည်။ ထိုစိုက်ပျိုးမှုပုံစံသည် ဒေသခံလူမျိုးများမှ မိမိတို့ ၀မ်းစာဖူလုံရေးကို အဓိကထား စိုက်ပျိုးခဲ့သည့်စနစ်ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာသို့ ကူးသန်းရောင်းဝယ်မှုအနည်းငယ်ရှိ သော်လည်း ယနေ့ခေတ်ကဲ့သို့ ကောင်းစွာမဖွံ့ဖြိုးသေးပေ။ ထို့ကြောင့် သဘာဝမှရသော အရင်းအမြစ်များအတိုင်း မပြုမပြင်ဘဲ သူတို့အလိုရှိ စိုက်ပျိုးသီးနှံများအပေါ် အသုံးချကျွေးမွေးခြင်းကို သဘာဝနည်းဟု ခေါ်တွင်ခဲ့သည်။
(ခ)     ဓါတုနည်းပညာ - ၁၉၀၀ မှ ၁၉၇၀ ကြားကာလသည် စိုက်ပျိုးရေး၏ အသွင်ကူးပြောင်း သောကာလဖြစ်သည်။ တိုးတက်လာသော ကမ္ဘာ့လူဦးရေ၏ စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် နည်းပညာ၏ အကူအညီဖြင့် သမားရိုးကျသဘာဝ စိုက်ပျိုးနည်းစနစ်မှသည် ဓာတုအခြေခံသောစိုက်ပျိုးရေးစနစ် (Chemical Agricultural System) ပေါ်ထွန်း လာသည်။
          ဤတွင် စာရေးသူဖော်ပြခဲ့ဖူးသည့် ထိုင်းနိုင်ငံ ချန်ပူရီဒေသမှ ဖြစ်ရပ်အတိုင်း အစပထမမှာ သီးနှံများအထွက်တိုးမှုကြောင့် စိုက်ပျိုးသူ တောင်သူများအနေဖြင့် ပျော်ရွှင်မှုများဖြင့် အရင်းတည်ခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသလို ဓာတ်မြေသြဇာသက်သက်ကို နှစ်ကာလကြာရှည်သုံးစွဲမှုကြောင့် ဖြစ်လာသည့်အကျိုးဆက်များစတင်ခံစားခဲ့ရပြီး ဓာတ်မြေသြဇာ ထုတ်လုပ်သူများအနေဖြင့် အကြွေးစနစ်ဖြင့်သော်၎င်း၊ စပါးပေးစနစ်ဖြင့်သော်၎င်း၊ ဓာတ်မြေသြဇာများကို ပုံမှန်ထက် အဆတိုး ကာ သုံးစွဲခိုင်းသော်လည်း အစပိုင်း ၂နှစ် ၃နှစ်သာ ထိရောက်မှုရှိသော်လည်း နောက်ပိုင်းကာလများသည် အထွက်နှုန်း ပို၍ပို၍ ဆိုးဝါးလာသည့်အပြင် မြေဆီလွှာပျက်စီးမှု၊ သဘာ၀၀န်းကျင် ထိခိုက်မှု၊ ဓာတုပိုးသတ်ဆေးတို့ကြောင့် ဂေဟစနစ်ပျက်စီးမှု၊ စသည့် ဆိုးကျိုးများစွာ ရင်ဆိုင်လာရာမှ အနည်းစု ကိုယ်ကျိုးကြည့် စီးပွားရေးသမားစိုက်ပျိုးသူများ (ဘယ်သူသေသေ ငတေမာပြီးရော လူများ) နှင့် နဂိုကတည်းက သမားရိုးကျနည်းသာ အသုံးပြုလျက်ရှိသည့် အနည်းစုတောင်သူများသာ ကျန်ရစ် လေသည်။ စိုက်ပျိုးသူတောင်သူအများစုမှာ စက်မှုကဏ္ဍများဆီသို့ ပြောင်းရွှေ့လုပ်ကိုင်သွားကြလေသည်။
(ဂ)     ဇီဝနည်းပညာ - ထိုအခြေအနေတွင် ဓါတုနည်းပညာ၏ ဆိုးကျိုးများကို သိမြင်သူပညာရှင်များက တတိယစိုက်ပျိုးရေးစနစ်တခုဖြစ်သော ဇီဝနည်းပညာဖြင့် အသုံးချ သော စိုက်ပျိုးနည်းစနစ်များကို ၁၉၄၀ အစောပိုင်းတွင် စတင်အသုံးပြုလာခဲ့သည်။ ယင်းစနစ်သည် ဓာတုပစ္စည်းများ လုံးဝအသုံးမပြုသော စနစ်ဖြစ်သည်။ ရှေးယခင် ဓါတုနည်းပညာ အသုံးချရာမှ ဓာတ်မြေသြဇာတို့ အလွန်အကျွံသုံးစွဲရာမှ ရရှိလာသော ကြောက်ခမန်းလိလိ သင်ခန်းစာများက ဓာတ်မြေသြဇာကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်သော Pure Organic Farming System ကို ဦးတည်လာစေသည်။ သုံးစွဲသူ စိုက်ပျိုးသူများသာ မက ၀ယ်ယူစားသုံးသူများက ၎င်းတို့၏ကျန်းမာရေးကို ဦးတည်သောကြောင့် လက်ခံလာစပြုလာသည်။
သို့သော် ထိုနည်းပညာရပ် ပေါ်ထွန်းလာခဲ့သော ဘေးထွက်ဆိုကျိုးများကား Genetic Modified Object (GMO) ဟုခေါ်သော မျိုးရိုးဗီဇကို ပြုပြင်ထားသောအရာများအနေနဲ့ ဥပမာပြရလျှင် ခရမ်းချဉ်သီးကို မပုပ်မသိုးကြာရှည်ခံအောင် ဗီဇပြုပြင် စိုက်ပျိုးခြင်း၊ တချို့အစေ့ပါသော အသီးများကို အစေ့မလိုချင်၍ အစေ့လွတ်အသီးဖြစ်စေရန် ဗီဇပြုပြင် စိုက်ပျိုးခြင်းစသော ပုံမှန်သဘာဝ ဖြစ်ရိုး ဖြစ်စဉ်မှ သွေဖယ်၍ မျိုရိုးဗီဇများကို အဆန်းထွင် လူ့လောဘလိုရာဆွဲသွင်း နည်းပညာတလွဲအသုံးချရာမှ ရရှိလာသော ဘေးထွက်ဆိုးကျိုးမျာပင်။
သုံးသပ်ချက်
စာရေးသူအနေဖြင့် ဤစိုက်ပျိုးနည်းစနစ် ၃ခုလုံးတွင် ကောင်းနိုးရာရာများကို အသိအမှတ်ပြုလက်ခံခဲ့ပါသည်။ မိမိဒေသ၀န်းကျင် မှ ရရှိသော အဏုဇီဝပိုးများသည် ဓာတ်ခွဲခန်းမှထွက်လာသောအဏုဇီဝထက် ၎င်းဒေသ၀န်းကျင်မှာ သဟဇာတပိုဖြစ်သည့်အပြင် ၎င်း၏၀န်းကျင် ဂေဟစနစ်ကို ပိုမိုနားလည် ပိုမိုအကျိုးပြုနိုင်ကြောင်း လက်တွေ့လုပ်ငန်းများအရ သိရှိရသည်။ သို့သော် ထိုဒေသခံ အဏုဇီဝများကို ဒီအတိုင်းအသုံးပြုသည်ထက်စာလျှင် ကြံ့ခိုင်မှုရှိစေရန်နှင့် အဆများစွာတိုးပွားလာစေရန်အတွက် တတိယဇီဝ နည်းပညာကို အသုံးပြုရပေမည်။
ထို့နည်းတူ ဓာတုနည်းပညာရပ်၏ အကျယ်အ၀န်း အတိမ်အနက်ကို ကောင်းစွာမလေ့လာဘဲ မဆင်မခြင်သုံးစွဲရာမှ မြေဆီလွှာပျက်စီးယိုးယွင်းမှုကို ကြုံလာရကာ နောက်ပိုင်း လုံးဝမသုံးရဲသည့် အခြေအနေသို့ ဖြစ်လာရခြင်းကို ပြန်လည်ဆင်ခြင်မိ သည်။ ၎င်းမှာသုံးစွဲရမည့် ပမာဏအတိုင်းအဆကိုမသိခြင်း၊ မည့်သည့် ဒြပ်ပေါင်းက ဘယ်အတွက် အသုံးဝင်သည်ကို ကောင်းစွာ နားမလည်ခြင်း၊ ဓာတုမြေသြဇာချည်း သီးသန့်မသုံးဘဲ ဒေသခံအဏုဇီဝများ၊ ၎င်းတို့ကို အားဖြည့်စွမ်းအင်ထပ်ပေါင်းပေးသော ဇီဝ နည်းပညာအကူအညီတို့ဖြင့် ပေါင်းစပ်အသုံးပြုလိုက်သောအခါဝယ် နည်းပညာ ၃မျိုးတို့မှ အကောင်းဆုံးအချက်များပေါင်းစည်းမိ သွားလေသည်။ ၎င်း၏အကျိုးအာနိသင်ကား တမျိုးချင်းစီထက် များစွာသာလွန်ကောင်းမွန်လေသည်။
ယခုခေတ် လူ့အသုံးအဆောင်ပစ္စည်းများသာမက မော်တော်ကား၊ လေယာဉ်၊ ဒုံးပျံများပါမကျန် ခေတ်သစ်နည်းပညာတို့တွင် ခေတ်စားနေသော အသုံးအနှုန်းတခုမှာ Hybrid ဟူသော မတူကွဲပြားတဲ့ စနစ်၂မျိုး(သို့မဟုတ်) ၂မျိုးထက်ပို၍ ပါဝင်သော မျိုးစပ် နည်းပညာရပ်ဖြစ်သည်။ ၎င်း၏ ထောင့်စုံ ကဏ္ဍစုံတွင် တဟုန်ထိုးအသုံးပြုလာရခြင်း၏ အကြောင်းရင်းကို လေ့လာပါက ယခင်ပေါ်ထွက်ခဲ့ဘူးသော နည်းပညာရပ်များစွာတို့အား မွှေနှောက်လှန်လှော၍ အကောင်းဆုံးဆိုသည့်အချက်များကိုသာ ရွေးထုတ်ပြီး စနစ်တကျပေါင်းစပ်ကာ နည်းစနစ်အသစ်များမွေးထုတ်လိုက်ခြင်းပင်။ ထို့ကြောင့် စာရေးသူယူဆမိသလို စိုက်ပျိုးရေး ပညာရပ်တွင်လည်း ယခင်ရှိ နည်းစနစ် ၃မျိုးတို့ထဲမှ အကောင်းဆုံးအချက်များကိုရွေးထုတ်ကာ ပေါင်းစပ်ဖန်တီးထား သော Hybrid Agricultural System တခု ပေါ်ထွက်လာဖို့ရာ အချိန်ကျရောက်နေပြီဖြစ်ကြောင်း လေ့လာမိသမျှ ထုတ်နုတ်တင်ပြလိုက်ပါသည်။

သစ်မွှေး ပင် စိုက်ပျိုးခြင်း


သစ်မွှေးပင် စိုက်ပျိုးခြင်း
မစိုက်ပျိုးခင် မိမိစိုက်ပျိုးမည့်မြေနေရာကို ဦးစွာပထမ ရှင်းလင်းခုတ်ထွင်ရပါမည်။ မိမိ စိုက်ပျိုးမည့် မြေဧရိယာရရှိမှုပေါ် မူတည်၍ ၆’x၆’၊ ၇’x၇’၊ ၈’x၈’၊ ၁၀’x၁၀’ ခြားစီ ၁ပေခွဲ ပတ်လည်အနက် ၁ပေခွဲကျင်းများတူး၍ မြေသြဇာထည့်(နှပ်)ပြီး နှစ်ပတ်ခန့်အကြာ တွင် စိုက်ပျိုးနိုင်ပါ သည်။ အကယ်၍စိုက်ပျိုးမည့်မြေတွင် အရိပ်ရပင်များရှိနေပါက တတ်နိုင်သရွေ့ ထိုအပင်များကို ချန်လှပ်၍ စိုက်ပျိုးသင့်သည်။ သရက်၊ သီဟိုဠ်၊ ရာဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ဒညင်း၊ လိုင်ချီး၊ ထောပတ်စသော နှစ်ရှည်ပင် များသာမက ဟင်းသီးဟင်းရွက်ပင်များနှင့်လည်း  ရောနှောစိုက်ပျိုးနိုင်ပါသည်။
အပင်ကြီးများနှင့် ရောစိုက်ရာတွင် ၎င်းတို့၏ ပင်ခြားတန်းခြား ခြားစိုက်ရမည့်အကွားအဝေးကို အနဲဆုံး ၅ပေထပ်ပေါင်းကာ စိုက်သင့်သည်။ စိုက်သက် ၂နှစ်အတွင်း အရိပ်လိုအပ်သဖြင့် အပင်ကြီးများလည်း မခုတ်ချင်သေးပါက အပင်ခြေမှ ၃၊၄ ပေ ပတ်လည်အထိ အပင်ကြီးများမရှိစေရန် အကွက်စီစဉ်၍ စိုက်ပျိုးသင့်ပါသည်။ စိုက်သက် ၂နှစ်ကျော်လျှင် ထိုအပင်ကြီးများ ၏ ပင်းခြားတန်းခြားအပြင် ၅ပေထပ်ဆောင်း၍ ခြားကာ စိုက်သင့်သောကြောင့် မလွတ်သောအပင်များ ခုတ်ပစ်ရမည်။
မစိုက်ခင်ငှက်ပျောကို တလကြိုတင်၍ အပင်ခြေမှ ၃´ခြားစီ (သစ်မွှေးကို ၆’x၆’ပတ်လည် စိုက်လျှင်) ၄ပင်ပတ်လည်ခြံရံ၍ စိုက်ပျိုးသင့်သည်။ သစ်မွှေးပင်၃နှစ်သားကျော်လျှင် ငှက်ပျောကိုခုတ်ရမည်။
၁ဧကတွင် အပင်ဝင်ဆန့်နိုင်မှု တွက်ချက်ရာ၌ ပင်ခြားတန်းခြားပေါ်မူတည်သည်။
၆x၆ ပေခြားစိုက်လျှင်    ၁၂၁၀ ပင်
၇x၇ ပေခြားစိုက်လျှင်      ၈၈၈ ပင်
၈x၈ ပေခြားစိုက်လျှင်      ၆၈၀ ပင်
၉x၉ ပေခြားစိုက်လျှင်      ၅၃၇ ပင်
၁၀x၁၀ ပေခြားစိုက်လျှင်  ၄၃၅ ပင် ဆန့်ဝင်သည်။ ၎င်းမှာ ပျိုးခြံတဲနေရာ၊ ရေစင်နေရာ စသည်တို့အတွက် ထည့်သွင်း မစဉ်းစားထားပေ။ ရေစင်ဆောက်လုပ်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိစေသောနည်းမှာ ကျောက်စည် ၄ပေခွေ ၇ခွေကို ထပ်ဆောက်ပြီး အပင်ပမာဏပေါ်မူတည်၍ အပြိုင် ၂လုံး၊ ၃လုံး၊ ၄လုံး ပြိုင်ဆောက်သင့်သည်။
ပျိုးပင် ၁၀လသားကျော် (၂ပေကျော်)မှသာ မြေချစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်၍ မိုးမစခင် မေလ အကုန် (သို့မဟုတ်) ဇွန်လဆန်းတွင်မြေချစိုက်ပျိုးရန် အကြံပြုပါသည်။
ပေါင်းပင်များကို ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာလများတွင်(၁နှစ်လျှင်၃ကြိမ်) ပေါင်းရှင်းပေး ရပါမည်။ ပေါင်းများကိုရှင်းရာတွင် အပင်ခြေမှ အပင်ရွက်အုပ် တံစက်မြိတ်အောက်ခြေ တည့်တည့်အထိ အပြောင်ရှင်းပေရန် လိုအပ်ပေသည်။ ဘေးပတ်လည်ဘောင်များတွင် မြက်များပေါက်ခြင်းသည် အပင်၏ ရေဓါတ်နှင့် အအေးဓါတ်တို့ကို ထိန်းပေးသည်။
မြေသြဇာကို မုတ်သုံမိုးမ၀င်ခင်နှင့် မိုးအကုန်များတွင် မေလနှင့်နိုဝင်ဘာလတို့၌ တစ်နှစ်လျှင် အနဲဆုံး၂ကြိမ် ကျွေးရပါမည်။ အပင်သည် အပင်ခြေမှ ရွက်အုပ်တံစက်မြိတ်အောက်ခြေအထိ အစာများကိုသာစားနိုင်သည်။ အပင်ခြေရင်းတွင်ကပ်၍ မြေဆီကျွေးပါက ပမာဏများလျှင် အပင်ခြေလောင်နိုင်သောကြောင့် အပင်ခြေမှ ၄၊ ၅လက်မခန့်ခွာ၍ကျွေးရမည်။ ထို့ကြောင့် မြေဆီကို ၃နှစ်သားအရွယ်အထိ အပင်ရွက်အုပ် တံစက်မြိတ်အောက်ခြေ တည့်တည့်မှ အတွင်းဘက်သို့ ၁၀”အကျယ်၊ ၆”အနက်ခန့် မြောင်းဝိုင်းသဏ္ဍာန်တူး၍ မြေဆီပတ်လည် ဖြူးပေးရမည်။ ဖြူးထားသောမြေကြီးအပေါ် အရွက်ဆွေးများအုပ်ပေးရမည်။
မိုးများသောဒေသများတွင် မိုးရာသီ၌ အပင်ခြေရင်းတွင်ရေမ၀ပ်စေရန် ၁ပေခွဲပတ်လည် ခန့် မြေပြင်ညီမှ ကုန်းမို့မို့သဏ္ဌာန် မြေဖို့ပေးပါ။
မိုးနည်းဒေသများ၌ မြေကြီးကို ရေထိန်းပေးရန်အတွက် ဘောင်လုပ်ပေးရန် လိုအပ်သည်။ သို့သော် အပင်ခြေ ၁ပေပတ်လည်ခန့်လောက်ကို ရေမ၀ပ်စေရန် မြေပြင်ပေးရမည်။
မိုးရာသီမှလွဲ၍ကျန်လများတွင် အနည်းဆုံး ၂ရက် ၁ကြိမ် ရေလောင်းပေးရန် လိုအပ်ပြီး နေအလွန်ပူ၍ အရိပ်နည်းပါက အနည်းဆုံး ၁ရက် ၁ကြိမ်လောင်းပေးသင့်ပါသည်။
နွေရာသီတွင် အပင်အောက်ခြေ မြေကြီးအပေါ်ယံသည် နေအပူရှိန်ကြောင့် ရေငွေ့ပျံမှုရှိသဖြင့် အပင် အောက်ခြေ ပတ်ပတ်လည်တွင် ကောက်ရိုး၊ ၀ါးရွက်ဆွေး၊ သစ်ရွက်ဆွေးတို့ကို ဖြန့်ခင်း ထားပါက မြေကြီးထဲတွင် ရေပိုနေပြီး ရေလောင်းချိန်ကို ရက်ပို၍ခြားနိုင်သည်။ ထို့ပြင် အပင်မှာ အအေးဓါတ်ပိုရသဖြင့် နေပူဒဏ်ကို ပိုမိုခံနိုင်စွမ်းရှိသည်။
၂နှစ်သားကျော်လျှင် ရေသောက်မြစ်ကောင်းစွာ စုတ်မိချိန်၌ ရေလျော့လောင်းနိုင်ပါသည်။
ပျိုးပင်များမှာ ၄ပေမှ ၅ပေအောက်အရွယ်အထိ အရိပ်၊ အအေးဓာတ်နှင့် လေထုစိုထိုင်းဆ များမှုတို့ကို လိုအပ်နေသောကြောင့် ငှက်ပျောကဲ့သို့ အရိပ်ပင်များစိုက်ပျိုးပေးခြင်း၊ ရေကို လိုအပ်သလို ပုံမှန်လုံလောက်အောင်ပေးခြင်း၊ အပင်အောက်ခြေပတ်လည် ကောက်ရိုး၊ သစ်ရွက်ဆွေးတို့ကို ဖြန့်ခင်းခြင်းဖြင့် ရေဓါတ်၊ အအေးဓါတ်ကို ထိန်းသိမ်းပေးခြင်းတို့ကို ပြုလုပ်သင့်သည်။
ရေလောင်းချိန်ကို နွေရာသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်းရာသီတွင် မနက် ၈-၁၁နာရီ အတွင်း၊ ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။ နွေရာသီ၌ အပင်များလွန်းလျှင် မနက်ခင်းမနိုင် ပါက ညနေနေအေးချိန်မှာ လောင်းနိုင်သည်။
ဆောင်းတွင်းနှင့် မိုးများဆက်တိုက်ရွာလွန်းလျှင် (အပင်ပတ်လည်တွင် ပေါင်းမြက်များ ထူထပ်လွန်းလျှင်) ရောဂါပိုးကျတတ် ၍ ပေါင်းမြက်များရှင်းပေးရန်လိုပါသည်။
နေရာဒေသပေါ်မူတည်၍ ပိုးကျမှုမှာကွာခြားတတ်ပါသည်။ အတွေ့အကြုံအရ မိုးမကျမီနှင့် မိုးကုန်လများတွင် ပိုး ပို၍ကျတတ်ပါသည်။ ထို့ကြောင့် ပိုးကျသည့်လက္ခဏာရပ်များကို စောစီးစွာတွေ့သည်နှင့် ဆေးကြိုဖြန်းထားသင့်ပါသည်။ လိုအပ်၍ မှိုဆေး၊ အားဆေးနှင့် ပိုးသတ်ဆေးများကိုလောင်းလျှင် ညနေ နေအေးချိန်များ တွင်သာ လောင်းသင့်သည်။ ထိုဆေးများကို တစ်ပြိုင်နက်(တချိန်တည်း) မလောင်းသင့်ပေ၊ အနည်းဆုံး၃ရက်ခြားစီ ကွာ၍ လောင်းသင့်သည်။
သစ်မွှေးပင်မှာ ၂နှစ်သားအရွယ်အထိ သေချာစွာ ဂရုစိုက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် ပျိုးပင် ၁နှစ်သားအပင်ဝယ်ယူ၍ စိုက်ပျိုးပါက ၁နှစ်ခန့်သာ ဂရုတစိုက် စိုက်ပျိုးပေးရန် လိုပါသည်။