Monday, 21 October 2013

သစ်မွှေး သတင်း သတိပေးစာ (၁)

ပျိုးပင်တွေအကြောင်း

အခုအချိန်ကတော့ သစ်မွှေးစိုက်ချိန် မဟုတ်တော့ပေမယ့် နောင်နှစ်စိုက်သူများကတော့ အခုကတည်းက ကြိုတင်ပြင်ဆင် မေးမြန်းစုံစမ်းနေကြပြီ ဖြစ်ပါတယ်။
အခုတလော သစ်မွှေးအကြောင်းက မြန်မာပြည်မှာ တော်တော် ခေတ်စားလာတဲ့ သတင်းတွေကလဲ စုံလို့ပါပဲ။ ဒီတော့ စိုက်ပျိုးမယ့်သူတွေအဖို့ အားကျစရာတွေရှိသလို စိတ်ပျက်စရာ သတင်းတွေနဲ့ ရောပြွမ်းနေတာမို့ ဒီဆောင်းပါးကို ရေးသားလိုက်ပါတယ်။

အရင် ပြောချင်တာက ပျိုးပင်တွေ ဖြစ်ပါတယ်။
သစ်မွှေးပျိုးပင်ရောင်းသူများ အနေနဲ့က မိမိပျိုးပင်များများရောင်းရရေးကို ဦးတည်နေတာတော့ စီးပွားရေးသဘောမို့ ငြင်းစရာမရှိပါဘူး။ သို့ပေမယ့် သမာအာဇီဝကျကျ လုပ်ဖို့တော့ လိုအပ်ပါတယ်။

အပင်တိုင်းဟာ သူရှင်သန်ကြီးထွားဖို့အတွက် လုပ်ဆောင်ပေးရမယ့် အချက်တွေက အနဲအများ ဆိုသလို ရှိပါတယ်။ ဥပမာ စပါးကို မိုးမှာစိုက်ရင် ပိုဖြစ်ထွန်းတယ်။ နွေမှာစိုက်ချင်ရင် ရေသွင်းရတယ်။ အဲ့ဒီလို အချိန်ပေါ်မူတည်သလို နေရာဒေသ မြေအမျိုးအစား စတာတွေအပေါ်မှာလဲ မူတည်နေကြပါတယ်။ ဒီတော့ သစ်မွှေးကို မြန်မာပြည် ဘယ်နေရာမဆို ရေမ၀ပ်တဲ့မြေ၊ စိမ့်မြေ၊ ဒီရေတောတွေကလွဲလို့ ကျန်မြေတွေမှာ စိုက်လို့ရတယ်လို့ ပြောထားပေမယ့် သူမူရင်း ပေါက်ရောက်ရာ တောတောင်ထဲမှာလို မဟုတ်တော့ ပြုပြင် စိုက်ပျိုးယူရပါတယ်။ ဒါက သစ်မွှေးမှ မဟုတ်ဘူး ဘယ်အပင်မဆို ဒီအတိုင်းပါဘဲ။ သူ့ပေါက်ရောက်ရာ ဒေသရင်းမှ မဟုတ်ရင် ပြုပြင်စိုက်ပျိုးယူရပါတယ်။ ဒီတော့ အခုမှ အစိမ်းသက်သက် စစိုက်တော့မယ့် သူများအဖို့ စိုက်ပျိုးရေးအကြောင်းလဲ ဘာမှနားမလည်တဲ့သူတွေကို သစ်မွှေးပျိုးပင်ရောင်းသူတွေက မိမိပျိုးပင်ရောင်းချင်တာ တခုတည်းနဲ့ နေရာ၊ အချိန်၊ စိုက်မယ့်သူရဲ့ အသိ၊ စတာတွေကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ အပင်တွေ ထိုးရောင်းနေတာကတော့ တော်တော်ဆိုးလွန်းပါတယ်။ သစ်မွှေးကို မိုးအမှီစိုက်ပျိုးဖို့ မေလအလယ် ဇွန်လကနေ သြဂုတ်လအတွင်း စိုက်ပျိုးဖို့ ကျနော်တို့ အကြံပြုထားပါတယ်။

ဒါပေမယ့် တချို့ပျိုးပင်ရောင်းသမားတွေက မိမိပျိုးပင်ရောင်းရပြီးရော ဆိုပြီး ဘာမှ သတိပေးခြင်း မရှိဘဲ စိုက်ရတာ လွယ်ပါတယ်။ ကျင်းလေးတူး ၁၅ပတ်လည်လေး ဘယ်လောက်ထည့် မြေနှပ်စိုက်ရုံပဲဆိုပြီး ရောင်းလိုက်တော့ စိုက်ပျိုးသူတွေက စိုက်လို့မှ ၂လ ၃လလောက်ပဲ ရှိတော့ အပင်တွေ သေကုန်တာ၊ ညှိုးကုန်တာ၊ မှိုဝင်ကုန်တာ၊ ရောဂါဝင်တာ စသဖြင့် ဖြစ်ကြပြီး ကျနော့်ဆီ ရောက်လာကြပါတော့တယ်။

ကျနော် အပင် မရောင်းရလို့ ဒီစကားပြောတာ မဟုတ်ပါဘူး။ ဘယ်မှာ ၀ယ်ဝယ်ပါ။ ဒါပေမယ့် ကိုယ်လုပ်ငန်းတခု လုပ်တော့မယ်ဆိုရင် ဒီလုပ်ငန်းအကြောင်းကို အကုန်မဟုတ်တာတောင်း အကြမ်းဖျဉ်းလေ့လာစုံစမ်းပြီးမှ လုပ်သင့်ပါတယ်။ အဲ့လိုမဟုတ်တော့ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်း စိတ်ဆင်းရဲဖြစ်ရုံကလွဲပြီး ဘာမှ မဖြစ်လာပါဘူး။ နောက်ဆုံး သစ်မွှေးဆိုရင် လက်တွန့်သွားပြီး မစိုက်ရဲလောက်အောင် ဖြစ်သွားကြပါတယ်။ 

ဒီတော့ စိုက်မယ့်သူများကို အကြံပေးချင်တာက သစ်မွှေးအကြောင်းကို စိုက်ပျိုးရေးအကြောင်းကို တီးမိခေါက်မိရုံလောက်လေးတော့ လေ့လာကြပါလို့ မှာချင်ပါတယ်။ ပြီးတော့ သစ်မွှေးက ဆေးဝါးဖော်စပ်တာ၊ ရေမွှေးလုပ်ရာမှာ သုံးတော့ Organic ဖြစ်ဖို့လိုပါတယ်။ ထိုင်းမှာ Organic နည်းနဲ့ စိုက်ထားတဲ့ သစ်မွှေးနဲ့ Chemical Pesticide တွေ သုံးပြီး စိုက်ထားတဲ့ သစ်မွှေး ဆေးထိုး အဆီထုတ်ရောင်းတဲ့အခါ ဈေးအဆမတန်ကွာတယ် ဆိုတဲ့အကြောင်းတွေကို ကျနော် အရင်ပို့စ်တွေမှာ လေ့လာနိုင်ပါတယ်။ ဒါကြောင့် Organic စိုက်ပျိုးနည်းကို အသုံးပြုဖို့လဲ အထူးမေတ္တာရပ်ခံပါတယ်။

ပြီးတော့ ပျိုးပင်ဈေးတွေကို စုံစမ်းတဲ့အခါမှာ ဈေးများတိုင်းကောင်းတာမဟုတ်သလိ
ု ဈေးသက်သာတိုင်းလဲ အမှန်အကန်ဖြစ်ဖို့လဲ လိုပါတယ်။ ကြေးမုံထုတ် ဆောင်းပါးတခုမှာ ပျိုးပင် ၁ပင် ၅၀၀၀လောက်ကျတဲ့ အပင်က မျိုးမှန်ဆိုပြီး ဖတ်လိုက်ရတယ်။ ဒီအကြောင်းကိုလဲ ကျနော်ပြန်ပြီး ဝေဖန်သုံးသပ်ပြထားတဲ့ ဆောင်းပါးရှိပါတယ်။ ဒီ groupထဲမှာ ပြန်ရှာဖတ်ကြည့်ပါ။ အဲ့ဒီလို တန်ဖိုးကြီးတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာကတော့ စိုက်ပျိုးမယ့်သူတွေပဲ စုံစမ်းကြည့်ကြပါ။ တချို့တွေ ပျိုးပင်ရောင်းသူ ၄ ၅ဦးကို စုံစမ်းကြည့်တယ်။ ဈေးအသက်သာဆုံးကို ရွေးဝယ်မယ်ပေါ့။ ဒါက လူတိုင်းနီးပါးပါပဲ။ အဲ့ဒီမှာ ဘာပြဿနာရှိလဲဆိုတော့ မောင်က က ၁ပင်ကို ၂၅၀၀ ရောင်းမယ်။ မောင်ခ က ၂၀၀၀ ရောင်းမယ်။ မောင်ဂ က ၁၅၀၀၊ မောင်ဃက ၁၀၀၀ ဆိုပါတော့။

ဒီတော့ မောင်ဃဆီမှာ ၀ယ်မှာပေါ့လို့ အလောတကြီး ဆုံးဖြတ်ရင် မှားပြီပဲ။ ပျိုးပင်က ဘယ်ဆိုဒ်လဲ ၁ပေဆိုဒ်ကို ၃၀၀ ၄၀၀ ၅၀၀ ၈၀၀ စသဖြင့် ရောင်းကြတယ်။ အဲ့ဒီလို ပေဆိုဒ်နဲ့ရောင်းရာမှာပဲ ပျိုးထုတ်မြေကြီးအထက်တိုင်းတာရှိသလို ပျိုးအိတ်ပါ ထည့်တိုင်းတာလဲ ရှိတယ်။ တခါ အပင်ထွားအောင်လို့ဆိုပြီး ဟော်မုန်ဆေးတွေကျွေးထားလို့ နုထွားကြီးတွေ ဖြစ်နေပြီး တကယ့် ရာသီဥတုဒဏ်ကျတော့ မခံနိုင်တာလဲ ရှိတယ်။

တခါ သူတို့ အပင်တွေကို ပြုစုတဲ့အခါ ကုန်ကျစရိတ်ပေါ်မူတည်ပြီးတော့ ဈေးကွာကြမယ်။ သြဂဲနစ်နဲ့ ပြုစုတဲ့သူက အရင်းပိုကုန်လို့ ဈေးပိုတယ်။ ဓာတ်မြေသြဇာ၊ ဓာတုအဆိပ် ပိုးသတ်ဆေး၊ မှိုသတ်ဆေးကျွေးပြီး ပြုစုတော့ အကုန်သက်သာမယ်။ တချို့က ကြေငြာတော့ တမျိုး တကယ်လုပ်တော့တမျိုး ဒါတွေ အများကြီး ရှိတယ်။ အပင်က ဓာတုဓာတ်ကြွင်းရှိသွားလို့ ဈေးကောင်းရတာ မရတာ၊ ပတ်ဝန်းကျင် ထိခိုက်တာ မထိခိုက်တာ သူတို့ အလုပ်မဟုတ်တော့ဘူး။

နောက်ပျိုးအိတ်ကို ဈေးသက်သာတဲ့ အိတ်ပါးတွေသုံးမယ်။ အိတ်အသေးတွေ သုံးမယ်။ ဒီတော့ အရင်းသက်သာတယ်။ ၀ယ်သူအနေနဲ့ကျတော့ သယ်တဲ့အခါ ဒဏ်မခံနိုင်ဘဲ လမ်းမှာတင်ကွဲမယ်။ အပင်ဟော်မုန်းဆေးတွေနဲ့သာ အပင်ကကြီးနေတာ။ ပျိုးအိတ်ကျတော့ သေးသေးလေး ဖြစ်နေမယ်။ မြေသြဇာဖိုးတွေကို လျှော့ချတဲ့သဘောပါ။ ဒီလိုနည်းနဲ့လဲ ဈေးနှုန်းကွာနိုင်တယ်။ အပင် ၁နှစ်သားအထိ ခံနိုင်မယ့် ပျိုးအိတ်ပမာဏအမှန်၊ လုပ်ဖို့ကျတော့ အိတ်ဖိုး၊ မြေသြဇာဖိုး၊ လေဘာဖိုး၊ သယ်ပို့စရိတ် စတာတွေကို ကြည့်ကြမယ်။

ပြီးတော့ နှစ်ကြီးအပင်တွေကို ၁နှစ်သားဆိုပြီး ရောင်းတာ၊ နှစ်မပြည့်သေးတာကို ၁နှစ်သားဆိုပြီး ရောင်းတာ ဒါတွေကတော့ ရိုးနေပါပြီ။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လောက်မှာပဲ ကြွေတဲ့မျိုးစေ့ကို ပျိုးတာဆိုတော့ ဘယ်လိုလုပ် ဒီဇင်ဘာလောက်မှာ ၁နှစ်သားရှိမတုန်း၊ ဒီတော့ နုနေတဲ့အချိန် အပင်ချလို့ရပြီဆိုပြီး ဆိုင်ကပြောလိုက်လို့ သွားချတယ်။ ဆောင်းမှိုနဲ့တွေ့ပြီး ဂရုလဲမစိုက်တတ်တော့ အပင်တွေသေတော့မှ ကျနော့်ဆီ ရောက်လာကြတယ်။ ဒါတွေက ၄၊ ၅ ၁၀ယောက် မဟုတ်ဘူး။ ဒီလိုဖြစ်ခဲ့တာ၊ ဖြစ်နေတာ၊ ရာနဲ့ချီတယ်။ ဒါတွေကို မြင်ပြီး စိတ်မကောင်းလို့ ဒီဆောင်းပါးရေးရတာပဲ။

တချို့ နှစ်ကြီးပင် မနှစ်က ရောင်းလို့ မကုန်တဲ့အပင် ဒါကို အမှန်အတိုင်းမပြောဘဲ ထိုးရောင်းလိုက်တယ်။ အိတ်ထဲမှာ အမြစ်က ခွေနေပြီ။ ၁နှစ်နေလို့ မတက် ၂နှစ်နေလို့ မတက်၊ ကျနော့်ဆီ ဆက်မေးတော့ ၁ပင်လောက်စမ်းဖော်ကြည့်ပါ။ အမြစ်ကခွေနေလိမ့်မယ်ပြောတော့။ အဟုတ်ပဲ ခွေနေတယ်။ တွန့်လိမ်လို့။ ကျနော်လဲ နှစ်ကျန်အပင်တွေကို မရောင်းချင်ပေမယ့်။ ၀ယ်သူရှိလာရင် အမှန်အတိုင်း ပြောပြီးရောင်းပါတယ်။ ပြီးတော့ အိတ်အကြီး ပြောင်းပေးတယ်။ မစိုက်ခင် လုပ်ရမှာတွေကို သေချာမှာပြီး သူတို့ သဘောကျပြီ ဆိုမှ ရောင်းတယ်။

နောက်တခုက မျိုးနဲ့ပတ်သတ်ပြီး ယိုးဒယားမျိုးမှ ဖြစ်နေသူတွေအတွက် ကျနော် ဆောင်းပါး ရေးထားတာတွေ ရှိပါတယ်။ ရှာသာဖတ်ကြည့်ပါတော့။ ကျနော့်ကို တယောက်က လာပြောတယ်။ မော်လမြိုင်ဘက်မှာတဲ့။ သစ်မွှေးမှတ်လို့ ၀ယ်သွားတာ တခြားအပင်တွေဖြစ်နေမှန်း ဧကတော်တော်များများ စိုက်ပြီးမှ သိတယ်တဲ့။ ကျနော်လေ ပျိုးပင်ရောင်းတဲ့သူကိုလဲ အပြစ်တင် စိတ်ဆိုးမိတာထက် ၀ယ်တဲ့သူကို ပိုပြီး ဒေါသထွက်မိတယ်။ ဒီလောက် နည်းပညာတွေ ဖွံ့ဖြိုးနေတဲ့ ခေတ်ကြီးထဲမှာ သူများပြောတိုင်းယုံပြီး စုံလုံးကန်းတာလောက် အ တာ မရှိတော့ဘူး။ ဒါကြောင့် မလုပ်ခင် စုံစမ်းလေ့လာကြပါ။ အပြောနဲ့တင် လမ်းမဆုံးကြပါစေနဲ့လို့ စေတနာ မေတ္တာ ရှေ့ထားရင်း ထပ်လောင်း သတိပေးလိုက်ပါရစေ။

နောက်ထပ်ထပ်ပြီး ဆေးထိုးခြင်း၊ အဆီထုတ်ခြင်း၊ ဈေးကွက်တို့နဲ့ ပတ်သတ်တဲ့ သတင်းတွေကို အမှားအမှန် ချင့်ချိန် ဝေဖန်တတ်ဖို့ ရေးပေးပါအုံးမယ်။ ကျနော်ပြောတိုင်းလဲ အမှန်လို့ တထစ်ချ မမှတ်ယူဘဲ ကိုယ်တိုင်လေ့လာကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး ရောင်းဝယ်ရေး

No comments:

Post a Comment